ကာဇက်စတန် နိုင်ငံထဲမှာ ခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျလို့ လူပေါင်း ဒါဇင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့က အဇာဘိုင်ဂျန် လေကြောင်းပိုင် ခရီးစဉ်အမှတ် J2-8243 လေယာဉ်ဟာ ကာဇက်စတန်ရဲ့ မြို့တော် အက်ခ်တာအူနားမှာ အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားရင်း ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အဇာဘိုင်ဂျန် အာဏာပိုင်တွေက လေယာဉ်ပေါ်မှာ ခရီးသည် ၇၀ ဝန်းကျင် စီးနင်း လိုက်ပါသွားတယ်လို့ ထုတ်ပြန်ခဲ့ပြီး အဲဒီထဲက လူ ၃၀ ဝန်းကျင် အသက်ရှင်တယ်လို့ ယူဆရကြောင်း ပြောပါတယ်။
လေယာဉ်ဟာ အဇာဘိုင်ဂျန်ကနေ ရုရှားရဲ့ ဂရော့ဇနီ မြို့ဆီကို ဦးတည် ပျံသန်းရင်း မြူနှင်းထူထပ်မှုတွေကြောင့် အက်ခ်တာအူကို လမ်းကြောင်းပြောင်း ဆင်းသက်ဖို့ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။
ဗီဒီယို မှတ်တမ်းတွေအရ လေယာဉ်ဟာ မြေပြင်ဆီကို အရှိန်အတော်များများနဲ့ ထိုးဆင်းလာပြီး မြေပေါ်အရောက်မှာ မီးလောင်ကျွမ်းခဲ့တာကို တွေ့ရပါတယ်။ ပြီးတော့ လေယာဉ် ကိုယ်ထည်ကလည်း ကျိုးပျက်သွားခဲ့ပါတယ်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/04/Safer-practices_inside_psa_ads.jpg?resize=880%2C138&ssl=1)
Public Service Announcement
ရုရှားမီဒီယာ တချို့က လေယာဉ်ဟာ မြေပေါ်မဆင်းသက်နိုင်ခင်မှာ ငှက်အုပ်နဲ့ ဝင်တိုက်မိခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။
လေယာဉ်ပေါ် လိုက်ပါလာသူ အရေအတွက်၊ သေဆုံးသူနဲ့ ဒဏ်ရာရသူ ဦးရေတွေကို နိုင်ငံအလိုက် ဖော်ပြတဲ့ ကိန်းဂဏန်းတွေက ကွဲလွဲချက်တချို့ ရှိနေဆဲ ဖြစ်ပါတယ်။ ဥပမာ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း အရေအတွက်ကို ဖော်ပြမှုတွေက ၆၇ ဦးနဲ့ ၇၂ ဦးကြား ကွာဟချက် ရှိနေပြီး အသက်ရှင်တဲ့ ခရီးသည် ဦးရေကလည်း ၂၈ ယောက်ကနေ ၃၂ ယောက်ကြား အမျိုးမျိုး ကွဲပြားနေပါတယ်။
ခရီးသည် အများစုဟာ အဇာဘိုင်ဂျန် နိုင်ငံသားတွေ ဖြစ်ပေမယ့် ရုရှား၊ ကာဇက်စတန်နဲ့ ကာဂျစ်စတန် နိုင်ငံသား တချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီး လတ်တလော အတည်မပြုနိုင်သေးတဲ့ ဗီဒီယို တစ်ခုမှာတော့ လေယာဉ်ပျက်ထဲကနေ တချို့ ခရီးသည်တွေ တွားသွားထွက်လာပြီး ဒဏ်ရာတွေလည်း ရထားတဲ့ အခြေအနေမျိုး မြင်ခဲ့ရပါတယ်။
ပျက်ကျတဲ့ လေယာဉ်ကို ဘရာဇီး ကုမ္ပဏီ Embraerက ထုတ်လုပ်ထားတာဖြစ်ပြီး အဲဒီ ကုမ္ပဏီဟာ သမိုင်းကြောင်းအရတော့ လုံခြုံရေး ဆိုင်ရာ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။
ကိုးကား: BBC
![](https://www.ludunwayoo.com/wp-content/uploads/2024/08/banner-logo1-50px.png)