တရုတ် နှစ်သစ်ကူး ကာလမှာ ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်ဖို့ စီစဉ်ထားတဲ့ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကြား လုံခြုံရေးဆိုင်ရာ ဝေဖန် မေးခွန်းထုတ်မှုတွေ ရှိလာတယ်လို့ ထိုင်းအာဏာပိုင်တွေက ဝန်ခံခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသား သရုပ်ဆောင် တစ်ဦးဟာ ထိုင်းနိုင်ငံမှာ လှည့်ဖျား လူကုန်ကူးတာ ခံရပြီး မြန်မာနိုင်ငံဖက်ခြမ်း၊ ရွှေကုက္ကို မြို့ထဲက ကျားဖျန့် ငွေလိမ်ဂိုဏ်းတွေရဲ့ ဖမ်းဆီး ထိန်းချုပ်မှုကို ခံခဲ့ရပါတယ်။ အဲဒီကိစ္စ လူသိရှင်ကြား ဖြစ်ခဲ့ပြီးမှပဲ တရုတ် သံရုံးနဲ့ ကောင်စစ်ဝန်ရုံးရဲ့ ဖိအားပေးမှုတွေကြောင့် သရုပ်ဆောင် ဝမ်ကျင်ဟာ ရက်ပိုင်းအကြာမှာ ပြန်လွတ်လာခဲ့ပါတယ်။
နောက်ပြီး တရုတ် မော်ဒယ် တစ်ဦးအပါအဝင် ထိုင်းနိုင်ငံကို သွားရောက်ရင်း ပျောက်ဆုံးနေသူ တချို့လည်း ရှိနေဆဲဖြစ်ပြီး သူတို့ဟာ နယ်စပ်ကနေ လူမှောင်ခို ကူးခံလိုက်ရတယ်လို့ ယူဆရပါတယ်။ ကျားဖြန့်ဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ လိမ်လည်မှုတွေ ကျူးလွန်ဖို့အတွက် တရုတ်စကား ပြောတတ်သူတွေကို ပစ်မှတ်ထားပြီး လူကုန်ကူးဖို့ ကြိုးစားလာပါတယ်။
ဝမ်ဟာ တရုတ်မှာတော့ လူသိနည်းတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ လူကုန်ကူး ခံရမှု ဖြစ်စဉ်ကတော့ တစ်နိုင်ငံလုံး အာရုံစိုက်စရာ ဖြစ်လာပါတယ်။ ဒါ့အပြင် အရင်ကတည်းက ထိုင်းနိုင်ငံကို ခရီးသွားတာဟာ တရုတ်နိုင်ငံသားတွေအတွက် လုံခြုံရေး စိတ်မချရဘူးဆိုတဲ့ ဝေဖန်မှုတွေကို ပိုပြီး အားဖြည့်ပေးခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေကလည်း နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို အကြီးအကျယ် ထိခိုက်သွားစေမယ့် ပြဿနာကို အမြန်ဆုံး ကုစား ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ ဝမ်ကိုလည်း မြန်မာဖက်ခြမ်းက နယ်ခြားစောင့်တပ်နဲ့ ညှိပြီး ရက်ပိုင်းအတွင်း ကယ်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဝမ်ရဲ့ ဖြစ်စဉ်ဟာ လာမယ့် တရုတ်နှစ်သစ်ကူးကာလမှာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဆီ အပျော်ခရီး သွားရောက်ဖို့ စီစဉ်ထားတဲ့ တရုတ်နိုင်ငံသားတွေကြား စိုးရိမ်မှုတွေ လွန်လွန်ကဲကဲ မြင့်တက်လာစေပါတယ်။
တချို့က ခရီးစဉ်တွေ ဖျက်သိမ်းဖို့ စီစဉ်နေသလို ခရီးသွား အေဂျင်စီတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင် ဌာနတွေဆီ လုံခြုံရေး အစီအမံတွေနဲ့ ပတ်သက်ပြီး အာမခံချက် ဘယ်လောက် ပေးနိုင်သလဲဆိုတာ မေးမြန်း စုံစမ်းမှုတွေ အများအပြား ရှိလာပါတယ်။ မေးခွန်းတွေကလည်း တည့်တိုးဆန်လာတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
လူမှုကွန်ရက်တွေပေါ်မှာလည်း ထိုင်းခရီးစဉ်ကို ဖျက်သိမ်းဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ရှာဖွေမှုတွေ များပြားလာပါတယ်။ ဥပမာ တရုတ်ရဲ့ လူမှုဘဝဆိုင်ရာ အွန်လိုင်း ပလက်ဖောင်းဖြစ်တဲ့ Little Red Bookမှာ ထိုင်းခရီးစဉ် ဖျက်သိမ်းဖို့ လုပ်ထုံးလုပ်နည်းတွေ ရှာဖွေသူ ၄ သိန်းဝန်းကျင် ရှိလာပါတယ်။
ရှီကျန်းဒေသက တရုတ် အမျိုးသမီး တစ်ဦးက သူငယ်ချင်းတွေနဲ့အတူ မိန်းကလေး ၃ ယောက်စုပြီး ဇန်နဝါရီ ၂၈ ရက်ကနေ ဖေဖော်ဝါရီ ၄ ရက်ထိ တရုတ်ကို သွားလည်ဖို့ စီစဉ်ထားပေမယ့် ဝမ်ရဲ့ သတင်းကို ကြားပြီးနောက်ပိုင်း တညီတညွတ်တည်း သဘောတူ ဖျက်သိမ်းလိုက်တယ်လို့ ပြောပြပါတယ်။ အဲဒီလို ဖြစ်စဉ်တွေက အများအပြား ရှိနေသလို နောက်ထပ်လည်း တိုးလာဦးမှာ ဖြစ်တာကြောင့် ထိုင်းအတွက် ခေါင်းကိုက်နေရပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာကတော့ ကြုံလာမယ့် အခြေအနေမှာ အထိအခိုက် အနည်းဆုံး ဖြတ်သန်းနိုင်အောင် စီမံဆောင်ရွက်ဖို့ သက်ဆိုင်ရာ ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေကို ညွှန်ကြားထားပါတယ်။ ဒါပေမဲ့လည်း စျေးကွက် သုတေသီတွေက ထိုင်းကို လာရောက်မယ့် တရုတ် ခရီးသွား အရေအတွက်ဟာ အခု အားလပ်ရက် ကာလမှာ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းထိ ထိုးကျသွားမယ်လို့ ခန့်မှန်းထားပါတယ်။
တရုတ်ဟာ ထိုင်းရဲ့ ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုမှာ ထိပ်ဆုံးပိုင်းက ရပ်တည်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်တုန်းက တရုတ်နိုင်ငံသား ၆.၇၃ သန်းလောက် ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။
တရုတ် အာဏာပိုင်တွေက ရွှေကုက္ကို အပါအဝင် မြန်မာနိုင်ငံရဲ့ မြဝတီ မြို့နယ် တစ်ခုတည်းမှာတင် ကျားဖြန့် လုပ်ငန်းတွေနဲ့ ဆက်စပ် လုပ်ကိုင်နေသူ တစ်သိန်းလောက် ရှိမယ်လို့ ၂၀၂၃ ခုနှစ်တုန်းက ခန့်မှန်းခဲ့ဖူးပါတယ်။
ကိုးကား: Bangkok Post