Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုက်ဂျီးရီးယား လေတပ်ရဲ့ မှားယွင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦးသေဆုံး

နိုက်ဂျီးရီးယား လေတပ်က ပစ်မှတ်မှားယွင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုက်ဂျီးရီးယား လေတပ်က ပစ်မှတ်မှားယွင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုက်ဂျီးရီးယား အနောက်မြောက်ပိုင်းမှာရှိတဲ့ ဇမ်ဖာရာ ပြည်နယ်ထဲမှာ နိုက်ဂျီးရီးယား လေတပ်ဟာ ဒုစရိုက်ဂိုဏ်းတွေနဲ့ မှားယွင်းပြီး အရပ်သား ပြည်သူ့ကာကွယ်ရေး အစုအဖွဲ့တွေကို တိုက်ခိုက်ခဲ့တာလို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဒေါ်ဒါ လာဝဲလ်က ပြောပါတယ်။

အဲဒီ ဂိုဏ်းတွေဟာ ဒေသခံ ပြည်သူတွေကို ပြန်ပေးဆွဲပြီး ငွေကြေး တောင်းခံလေ့ ရှိတာကြောင့် ပြည်သူတွေကပဲ ကာကွယ်ရေး အဖွဲ့တွေ ဖွဲ့စည်းထားခဲ့ရတာပါ။

ဇန်နဝါရီ ၁၂ ရက်နေ့တုန်းကတော့ နိုက်ဂျီးရီးယား လေတပ်ဟာ ဇမ်ဖာရာမှာရှိတဲ့ ဇူရာမီနဲ့ မာရာဒွန် ဒေသတွေမှာ ဒုစရိုက်ဂိုဏ်းတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ အရပ်သား ကာကွယ်ရေး အဖွဲ့ဝင်တွေ သေဆုံးကုန်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အလေးအနက် စိုးရိမ်ကြောင်း၊ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေး အတွင်းမှာ မသမာသူ တချို့ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့တယ် ဆိုတာကို အတည်ပြုနိုင်ကြောင်း၊ ဒါ့အပြင် ပြန်ပေးဆွဲ ခံထားရသူ တချို့ကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ဒါပေမဲ့လည်း တခြား အရပ်သားတွေပါ အဲဒီ စစ်ဆင်ရေးကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေအတွက် အလေးအနက် စိုးရိမ်မိကြောင်း လေတပ်က ကြေညာသွားပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ လူဆိုးတွေ၊ ပြန်ပေးသမားတွေကို မောင်းထုတ်ပြီး ကျေးရွာဆီ အပြန်လမ်းမှာ အရပ်သား ပြည်သူ့လုံခြုံရေး အဖွဲ့တွေဟာ လေယာဉ်ကနေ ဗုံးကြဲတာ ခံခဲ့ရတယ်လို့ သိရပါတယ်။ အခင်းဖြစ်တဲ့ နေရာကနေ အလောင်း ၁၆ ခုကို ရှာတွေ့ခဲ့ပြီး ဒဏ်ရာရသူ တော်တော်များများလည်း ဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့ ဒေသခံ ရွာသားတစ်ယောက်က ပြောပါတယ်။

လူ့အခွင့်အရေး အစုအဖွဲ့ တစ်ခုဖြစ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ကတော့ အသေအပျောက် စာရင်းကို ၂၀ လို့ ဖော်ပြခဲ့ပြီး တွန်ဂါကာရာ ရွာအနားမှာ ဗုံးကြဲခံရတာလို့ ဖော်ပြထားပါတယ်။

ထိခိုက်သေကြေမှု အရမ်းများပြားနိုင်တဲ့ တိုက်ခိုက်မှု နည်းလမ်းတစ်ခုကို အဆင်ခြင်မဲ့ အသုံးပြုခဲ့တဲ့ လုပ်ရပ်ဟာ တရားလက်မဲ့ ဆန်လွန်းပြီး ဆိုးရွားလွန်ကြောင်း၊ နိုက်ဂျီးရီးယား စစ်တပ်ဟာ ကိုယ်တိုင် ကာကွယ်ပေးရမယ့် ပြည်သူတွေရဲ့ အသက်ကို အလေးမထားဘဲ တာဝန်မဲ့ ပြုမူခဲ့တဲ့ အခြေအနေက တုန်လှုပ်စရာ ကောင်းလွန်းကြောင်း AIက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နိုက်ဂျီးရီးယားမှာတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း လုံခြုံရေး တပ်ဖွဲ့တွေဟာ သောင်းကျန်းသူတွေ၊ တောင့်တင်းတဲ့ ဒုစရိုက်ဂိုဏ်းတွေ၊ နိုင်ငံအလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာ ခြေကုပ်ယူ လှုပ်ရှားနေတဲ့ စစ်သွေးကြွ အကြမ်းဖက် အဖွဲ့တွေနဲ့ ရင်ဆိုင်နေရပါတယ်။ သောင်းကျန်းသူတွေဟာ ကျေးရွာတွေကို စီးနင်းတာ၊ နေအိမ်တွေကို မီးရှို့တာ၊ ဒေသခံတွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာတွေ ကျူးလွန်နေပါတယ်။

နိုက်ဂျီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြစ်မှတ်လွဲလို့ အပြစ်မဲ့ ပြည်သူတွေ သေဆုံးရတာမျိုး ကိစ္စတွေ အရင်ကလည်း ရှိခဲ့ပါတယ်။ ခရစ္စမတ်နေ့တုန်းတင် ဆိုကိုတို ပြည်နယ်ထဲမှာ လေတပ်က မှားယွင်းဗုံးကြဲလို့ အရပ်သား ၁၀ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်တုန်းကလည်း ကာဒူနာ ပြည်နယ်ထဲမှာ မွတ်ဆလင် ဘာသာရေး ပွဲတစ်ခုအတွက် စုဝေးနေတဲ့ လူအုပ်ကို သောင်းကျန်းသူတွေနဲ့ မှားယွင်းပြီး လေတပ်က တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၈၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

၂၀၁၇ ဇန်နဝါရီလတုန်းကလည်း ကင်မရွန်းနိုင်ငံနဲ့ နယ်စပ်နားမှာ ဂျီဟတ် အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေရဲ့ ရန်ကြောင့် နေရပ်စွန့်ခွာသူ ၄၀၀၀၀ လောက် စုဝေးနေထိုင်ရာ ခိုလှုံရေး စခန်းတစ်ခုကို ဂျက်တိုက်လေယာဉ် တစ်စီးက မှားယွင်းတိုက်ခိုက်လို့ လူ ၁၁၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: Nigeria Info

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုက်ဂျီးရီးယား နိုင်ငံမှာ ခရစ္စမတ် ပျော်ပွဲရွှင်ပွဲ အစီအစဉ်တစ်ခုမှာ ကလေးတွေ စုပြုံတိုးဝှေ့ရာက အချင်းချင်း တက်နင်းမိကုန်ပြီး ၃၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခြင်းနဲ့အတူ ဆည်ကြီးတစ်ခု ရေလွှတ်ခဲ့ရာက ဆိုးရွားတဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်ပြီး လူပေါင်း တစ်သန်းကျော် ရွှေ့ပြောင်းခဲ့ကြရပါတယ်။

နိုင်ငံတကာ

နိုက်ဂျီးရီးယား လေတပ်ဟာ အဲဒီ ဒုစရိုက် ဂိုဏ်းတွေကို စစ်ဆင်ရေး ဆင်နွှဲတာ၊ တောတွင်း အခြေစိုက် စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေပေမယ့် အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကတော့ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံတကာ

နိုက်ဂျီးရီးယားက ခရစ်ယာန် ဘုရားကျောင်းတွေမှာ ဆင်းရဲ နွမ်းပါးသူတွေကို ကူညီလှူဒါန်းတဲ့ အခုလို ရန်ပုံငွေ အစီအစဉ်တွေ ပုံမှန် ပြုလုပ်လေ့ ရှိကြပါတယ်။ မေလ ၂၈ ရက်က မနက် ၉ နာရီမှာ အလှူအတန်းစဖို့ ရည်ရွယ်ထားပေမယ့် ဘုရားကျောင်းရှေ့မှာ မနက် ၅ နာရီကတည်းက...