Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၅ နှစ်ကြာ ပိတ်ပင်ထားခဲ့တဲ့ ကားတင်သွင်းမှုကို ပြန်ခွင့်ပြုတော့မယ်လို့ သီရိလင်္ကာ ကြေညာ

နိုင်ငံခြားငွေ ပြတ်လပ်မှုတွေကို တုံ့ပြန်တဲ့ အစီအမံ တစ်ရပ်အဖြစ် ပြည်တွင်းကို မော်တော်ကား တင်သွင်းခွင့်တွေ ပိတ်ပင်ထားခဲ့မှုကို သီရိလင်္ကာ အစိုးရက အဆုံးသတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံခြားငွေ ပြတ်လပ်မှုတွေကို တုံ့ပြန်တဲ့ အစီအမံ တစ်ရပ်အဖြစ် ပြည်တွင်းကို မော်တော်ကား တင်သွင်းခွင့်တွေ ပိတ်ပင်ထားခဲ့မှုကို သီရိလင်္ကာ အစိုးရက အဆုံးသတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

၅ နှစ်ကြာအောင် မော်တော်ကား တင်သွင်းခွင့် ပိတ်ပင်ထားမှုကို အဆုံးသတ်တော့မယ်လို့ အာရှတိုက်တောင်ပိုင်း ကျွန်းနိုင်ငံငယ်ရဲ့ အစိုးရက ဇန်နဝါရီ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ သီရိလင်္ကာ အနေနဲ့ နိုင်ငံသမိုင်းမှာ အဆိုးတကာ့ အဆိုးဆုံး စီးပွားရေး ပြိုလဲမှုတွေကနေ နာလန်ပြန်ထူလာတဲ့ နိမိတ်ပုံ တစ်ခုလို့လည်း ယူဆရပါတယ်။

ပြည်ထဲရေး ဝန်ကြီး နာလင်ဒါ ဂျာယတ်တစ်ဆာက ၂၀၂၀ ပြည့်နှစ်ကစပြီး သတ်မှတ်ထားတဲ့ ပိတ်ပင်မှုကို ပယ်ဖျက်ပြီး ကနဦး အဆင့်အဖြစ် အခု သီတင်းပတ်ကုန်ကစလို့ ထရပ်ကားတွေ၊ ဘတ်စ်ကားတွေနဲ့ လုပ်ငန်းသုံးယာဉ်တွေ တင်သွင်းမှုကို ပြန်လည် ခွင့်ပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အခုကိစ္စကို သတိကြီးကြီး ချဉ်းကပ်ဖို့ လိုကြောင်း၊ ကားတွေ အများကြီး တပြုံတမ မှာယူမှုကြောင့် သီရိလင်္ကာရဲ့ နိုင်ငံခြားငွေ သိုမှီးထားမှု ချက်ချင်း ပြုန်းတီး ပျောက်ကွယ်သွားတာမျိုး မဖြစ်အောင် ထိန်းညှိရမှာဖြစ်ကြောင်းလည်း ဝန်ကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြည်တွင်း တောင်းဆိုမှု အခြေအနေတွေအပေါ် မူတည်ပြီး တခြားကား အမျိုးအစားတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ သုံးဘီးယာဉ်တွေ တင်သွင်းခွင့်ကိုလည်း တဖြည်းဖြည်းချင်းစီ ဖြေလျှော့ ခွင့်ပြုသွားမယ်လို့ ဂျာယတ်တစ်ဆာက ဆက်ပြောပါတယ်။

အခုလိုမျိုး ကားတင်သွင်းခွင့် ပြန်ပြုဖို့ မူဝါဒ ပြောင်းလဲခဲ့တာဟာ အစိုးရ အနေနဲ့ အခွန်ဝင်ငွေတွေ လိုအပ်တာကြောင့် ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။ အခုနှစ်အတွက် ကားတွေ တင်သွင်းခွင့်ကို ဒေါ်လာ ၁.၂ ဘီလီယံထက် မပိုတဲ့ ပမာဏမှာ ကန့်သတ်ထားဖို့တော့ အစိုးရက ရည်ရွယ်ထားကြောင်း သူက ပြောပါတယ်။

သီရိလင်္ကာမှာတော့ လက်ရှိ ကျင့်သုံးနေတဲ့ အခွန်စနစ်ဟာ တင်သွင်းတဲ့ ယာဉ်တန်ဖိုးရဲ့ သုံးဆကျော်လောက်ထိ များလေ့ရှိပါတယ်။ သီရိလင်္ကာဟာ ၂၀၁၉ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံဖိုး မော်တော်ကားတွေကို တင်သွင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကစလို့ နိုင်ငံခြားငွေ လျော့ပါးဆုတ်ယုတ်လာမှုကို တန်ပြန်တဲ့ အစီအမံအဖြစ် ကားတွေ တင်သွင်းခွင့် ပိတ်ထားခဲ့တာပါ။

၂၀၂၂ ခုနှစ်၊ ဧပြီလတုန်းက သီရိလင်္ကာရဲ့ ပြည်ပကြွေးမြီဟာ ဒေါ်လာ ၄၆ ဘီလီယံထိ ရောက်ရှိခဲ့သလို ပြည်တွင်းမှာလည်း အမေရိကန်ဒေါ်လာ လက်ကျန်က မရှိသလောက် ခန်းခြောက်သွားခဲ့တဲ့အတွက် အရေးပါတဲ့ အခြေခံ ကုန်စည်တွေကိုတောင် မတင်သွင်းနိုင်ခဲ့ဘဲ ပြည်သူတွေ အကြီးအကျယ် ဒုက္ခကြုံခဲ့ကြပြီး နိုင်ငံကလည်း သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် ကြွေးမဆပ်နိုင်တော့ကြောင်း ကြေညာရတဲ့ အဆင့်ထိ ရောက်ခဲ့ပါတယ်။

အဲဒီနောက် အစိုးရ မူဝါဒတွေကို မကျေနပ်တဲ့ လူထုအုံကြွ ဆန္ဒပြမှုတွေနဲ့အတူ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ဆာ ဦးဆောင်တဲ့ အစိုးရ ပြုတ်ကျခဲ့ပြီး နောက်တက်လာတဲ့ အစိုးရက အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ဆီက ချေးငွေရရှိအောင် ညှိနှိုင်းခဲ့သလို အဆိုးဆုံး အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သီရိလင်္ကာ အစိုးရက နိုင်ငံရဲ့ စီးပွားရေးဟာ စိတ်ချထားလို့ရတဲ့ ခိုင်မာမှုမျိုး မရှိသေးကြောင်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာတော့ သီရိလင်္ကာ အစိုးရဟာ ကြွေးမြီ ပြန်ပေးဆပ်ရေးနဲ့ ပတ်သက်လို့ အသက်ရှူ ချောင်စေမယ့် သဘောတူညီမှု အသစ်တွေ ရရှိခဲ့ခြင်းနဲ့အတူ ကြွေးမဆပ်နိုင်တဲ့ နိုင်ငံအဖြစ် ကြေညာချက်ကို တရားဝင် ပြန်ရုပ်သိမ်းနိုင်ခဲ့ပါတယ်။

ကိုးကား: Lanka Sara

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့တာဟာ မျောက်တစ်ကောင်ကြောင့်လို့ သီရိလင်္ကာ အစိုးရ ဝန်ကြီးတစ်ဦးက ပြစ်တင် ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံစီးပွားရေး ဆိုးဆိုးရွားရွား ယိမ်းယိုင်ပြိုကျခဲ့ပြီးနောက်ပိုင်း ပထမဆုံး ပြန်လည် ကျင်းပတဲ့ သီရိလင်္ကာ ရွေးကောက်ပွဲမှာ လက်ဝဲယိမ်း မက်စ်ဝါဒီ တစ်ဦးက အနိုင်ရခဲ့ပါတယ်။

နိုင်ငံတကာ

အဲဒီအရည်တွေက အရက်တွေ ဖြစ်မယ်လို့ ယုံကြည်ပြီး သောက်သုံးခဲ့ကြရာက အပြင်းအထန် နာမကျန်းဖြစ်လာပြီး အသက်ဆုံးရှုံးကုန်တာလို့ သီရိလင်္ကာ ကမ်းခြေစောင့်တပ်က ဆိုပါတယ်။

နိုင်ငံတကာ

လမ်းပြ ဝေလငါးတွေဟာ အကြီးဆုံး အရွယ်မှာ ၆ မီတာလောက် အရှည်ရှိပြီး ၁ တန်လောက်ထိ လေးလံပါတယ်။ အဲဒီ ပင်လယ်နေ နို့တိုက် သတ္တဝါတွေဟာ အစုအဖွဲ့နဲ့ နေထိုင်တတ်ပြီး တစ်ကောင် သောင်တင်ရင် တအုံတမကြီး ပါလာတတ်ပါတယ်။