Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးနဲ့ ထိုင်း ဓားစာခံ ၈ ဦးကို ဟားမားစ်တွေ ပြန်လွှတ်ပေး

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရဲ့ အစိတ်အပိုင်းအဖြစ် ဟားမားစ် ပြောက်ကျားတွေဟာ အစ္စရေးနဲ့ ထိုင်းနိုင်ငံသား ဓားစာခံ ၈ ဦးကို ထပ်ပြီး လွှတ်ပေးလိုက်ပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရဲ့ အစိတ်အပိုင်းအဖြစ် ဟားမားစ် ပြောက်ကျားတွေဟာ အစ္စရေးနဲ့ ထိုင်းနိုင်ငံသား ဓားစာခံ ၈ ဦးကို ထပ်ပြီး လွှတ်ပေးလိုက်ပါတယ်။

ဇန်နဝါရီ ၃၀ ညပိုင်းမှာ အစ္စရေး ၃ ယောက်နဲ့ ထိုင်း ၅ ယောက်ကို ဂါဇာမှာ ဟားမားစ် ပြောက်ကျားတွေက နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။ သူတို့ကို အစ္စရေး တပ်တွေဆီ ပို့ဆောင်ပေးပြီးတဲ့နောက် အစ္စရေး နိုင်ငံ ပိုင်နက်ထဲ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

မကြာခင်မှာပဲ အစ္စရေး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထားသူ ပါလက်စတိုင်း ၁၁၀ ကိုလည်း အစ္စရေးဖက်က ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီထဲမှာ ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသူ ၃၂ ဦး၊ အသက်မပြည့်သေးသူ ၃၀ ပါဝင်ခဲ့ပါတယ်။

အစ္စရေးဟာ ဓားစာခံတွေအပေါ် ဟားမားစ်ရဲ့ ပြုမူဆက်ဆံပုံကို ပြန်လည် မေးမြန်း ဆန်းစစ်ပြီးတဲ့ အချိန်ထိ ပါလက်စတိုင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးမှုကို ဆိုင်းငံ့ထားခဲ့သေးတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၁၉ ရက်နေ့က စတင်ခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုအတွင်း အခုဆိုရင် ဟားမားစ်တွေ ပြန်လွှတ်ပေးခဲ့တဲ့ ဓားစာခံ ၁၅ ဦးထိ ရှိလာပြီး ဟားမားစ်တွေ လက်ထက်မှာ နောက်ထပ် ၈၂ ဦး ကျန်နေသေးတယ်လို့ အစ္စရေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၂၀ အရွယ် အစ္စရေး စစ်သမီး အေဂမ်ဘာဂါဟာ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပထမဆုံး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ စစ်ဒဏ်ကြောင့် အပျက်အစီးတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေရာ ဂျာဘာလီယာမြို့မှာ သူ့ကို မျက်နှာဖုံးစွပ် ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ခေါ်ဆောင်လာခဲ့တာပါ။ ဟားမားစ် လက်နက်ကိုင်တွေက အရပ်သားတွေ ချဉ်းကပ်လို့ မရအောင် တားထားခဲ့ပြီး ဘာဂါရဲ့ လက်ထဲကို အကျဉ်းသား အဖြစ်ကနေ လွှတ်ပေးကြောင်း အသိအမှတ်ပြု စာရွက်ကို ပေးအပ်ပြီး ကြက်ခြေနီတွေဆီ လွှဲပြောင်းပေးခဲ့တာပါ။

အစ္စရေးရဲ့ တဲလ်အဗစ်ဗ်မြို့ထဲက ရင်ပြင်တစ်ခုမှာတော့ အဲဒီမြင်ကွင်းကို လူထုက ကြီးမားတဲ့ TV Screenကြီးတွေကနေ စောင့်ကြည့်နေခဲ့ပြီး ကောင်းချီးပေး အောင်ပွဲခံခဲ့ကြပါတယ်။ နောက်ထပ် ၂ နာရီ အကြာမှာတော့ ဂါဇာတောင်ပိုင်း၊ ခန်ယူနစ်မြို့ထဲကမှာ တခြားဓားစာခံ ၇ ယောက်လည်း လွတ်မြောက်လာခဲ့ပါတယ်။ လူတွေ ဝိုင်းတိုးပြီး ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်ခဲ့ပေမယ့် ဓားစာခံတွေ အားလုံးဟာ ကြက်ခြေနီ အဖွဲ့လက်ထဲကို ချောချောမောမော ရောက်ရှိခဲ့တယ်လို့ မျက်မြင်ကြုံခဲ့တဲ့ သတင်းထောက် တစ်ယောက်က ပြောပါတယ်။

ပြန်လွတ်လာသူတွေဟာ အစ္စရေးသူ အသက် ၂၉ နှစ်အရွယ် အာဘဲလ်ယာဟွတ်ဒ်၊ အသက် ၈၀ အရွယ် အစ္စရေး အမျိုးသားကြီး ဂါဒီ မော့ဆက်စ်တို့ဖြစ်ပြီး ကျန်တာတွေကတော့ ထိုင်းနိုင်ငံသား စိုက်ပျိုးရေးခြံ အလုပ်သမားတွေ ဖြစ်ကြတဲ့ ပွန်ဆက် သန်ညာ၊ ဆက်သီယန် ဆူဝမ်နာခမ်၊ ဝတ်ချာရာ ဆရီရာအွမ်၊ ဘန်နာဝတ် ဆက်သာယိုနဲ့ ဆူရာဆက်ခ် လန်နာအိုတို့ပါ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက ဟားမားစ်တွေဟာ အစ္စရေး နယ်စပ်ကို အလစ်အငိုက် စီးနင်းတိုက်ခိုက်ပြီး လူ ၁၂၀၀ ဝန်းကျင်ကို သတ်ဖြတ်ခဲ့သလို အစ္စရေး နိုင်ငံသား အများစု အပါအဝင် ဓားစာခံ ၂၅၁ ဦးကို ဂါဇာဖက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီအတွက် အစ္စရေးက စစ်ကြေညာပြီး အပြင်းအထန် လက်တုံ့ပြန်ခဲ့ရာက ဂါဇာ ကမ်းမြှောင်ဒေသကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေတဲ့ ၁၃ လကြာ စစ်ပွဲ အစပြုခဲ့ပါတယ်။ အဲဒီ စစ်ပွဲကြောင့် ဂါဇာမှာ အရပ်သား အများအပြား အပါအဝင် လူပေါင်း ၄၇၄၆၀ သေဆုံးခဲ့တယ်လို့ ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကြိုတင် ကတိထားရှိတဲ့ သုံ့ပန်းလဲလှယ်ရေးကိစ္စက စီစဉ်ထားတဲ့နေ့မှာ အထမမြောက်ဘူးဆိုရင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်ပြီလို့ သတ်မှတ်မှာဖြစ်ကြောင်း အစ္စရေးက ဟားမားစ် ပြောက်ကျားတွေကို ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးရဲ့ အစိတ်အပိုင်းအဖြစ် သုံ့ပန်းတွေ အလဲအလှယ် လုပ်တာကို ဆိုင်းငံ့ထားမယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က ကြေညာခဲ့ပါတယ်။

ဆောင်းပါး

ထိုင်းအစိုးရက မြန်မာနယ်စပ်က မြဝတီမြို့အပါအဝင် ငါး​နေရာကို လျှပ်စစ်မီးဖြတ်​တောက်လိုက်တဲ့အတွက် သက်​ရောက်မှု​တွေကိုဒီတစ်ပါတ်​ပြောပြပါမယ် ။

သတင်း

မြန်မာဖက်ခြမ်းကို ဓာတ်အားထောက်ပံ့မှုတွေ ထိုင်းက ဖြတ်တောက်လိုက်ပေမယ့် နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လုပ်ငန်းတွေအပေါ် ထိခိုက်မှုက အကန့်အသတ်နဲ့သာ ရှိခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။