Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ် သဘောတူညီမှုကို အစ္စရေး ချိုးဖောက်တယ်လို့ ဟားမားစ်စွပ်စွဲ၊ သုံ့ပန်းလဲလှယ်မှု ဆိုင်းငံ့ထားမယ်လို့ ကြေညာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးရဲ့ အစိတ်အပိုင်းအဖြစ် သုံ့ပန်းတွေ အလဲအလှယ် လုပ်တာကို ဆိုင်းငံ့ထားမယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က ကြေညာခဲ့ပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးရဲ့ အစိတ်အပိုင်းအဖြစ် သုံ့ပန်းတွေ အလဲအလှယ် လုပ်တာကို ဆိုင်းငံ့ထားမယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က ကြေညာခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ အစ္စရေးဖက်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေကို ချိုးဖောက်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အဘူ အိုဘီဒါက လူမှုကွန်ရက်မှာ စွပ်စွဲ ရေးသားထားခဲ့ပါတယ်။ မူလက ဟားမားစ်ဟာ နောက်ထပ် အစ္စရေး ဓားစာခံ ၃ ယောက်ကို အခု သီတင်းပတ်ကုန်မှာ လွှတ်ပေးဖို့ သဘောတူထားပေမယ့် အခုတော့ အဲဒီ အစီအစဉ်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ။

လွန်ခဲ့တဲ့ ၃ ပတ်အတွင်း အစ္စရေးဟာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုတွေကို ချိုးဖောက်ခဲ့တာတွေ ရှိတယ်လို့ ဟားမားစ်က စွပ်စွဲပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ဂါဇာမှာ ၁၅ လကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန် တာဝန်ယူခဲ့တဲ့ နောက်ဆုံးတစ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကစလို့ အပစ်အခတ် ရပ်စဲထားခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ဒန် နေရာကို ဆက်ခံတဲ့ အမေရိကန် သမ္မတသစ် ဒေါ်နယ်လ်ထရမ့် လက်ထက်မှာတော့ ဟားမားစ်နဲ့ ပါလက်စတိုင်းတွေက ကန့်ကွက်ပြီး အစ္စရေးက ထောက်ခံတဲ့ အငြင်းပွားစရာ သဘောထားတွေကို စတင် ထုတ်ဖော် ပြောဆိုလာပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က ဂါဇာကို အမေရိကန် ပိုင်နက်အဖြစ် သိမ်းသွင်း ထိန်းချုပ်ဖို့ ရည်ရွယ်ကြောင်း အတည်ပြုခဲ့ပြီး တစ်ဖက်မှာတော့ ပါလက်စတိုင်း ပြည်သူတွေ ဂါဇာမှာ ပြန်အခြေချမှာကို ခွင့်မပြုလိုတဲ့ အဓိပ္ပါယ်မျိုး ထုတ်ပြောထားပါတယ်။ ဒါဟာ ဂါဇာမှာ ဟားမားစ် ပြောက်ကျားတွေ တကျော့ပြန် ကြီးစိုးလာမှာကို စိုးရိမ်နေတဲ့ အစ္စရေးအတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမယ့် ကိစ္စ ဖြစ်ပေမယ့် ပါလက်စတိုင်းတွေနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း အာရပ်နိုင်ငံတွေကတော့ ဆန့်ကျင် ဝေဖန်နေကြပါတယ်။

ဓားစာခံတွေ ပြန်လွှတ်ပေးမယ့် အစီအစဉ် ဆိုင်းငံ့ကြောင်း ဟားမားစ်ရဲ့ ကြေညာချက်ဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို အတိအလင်း ချိုးဖောက်တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က စွပ်စွဲခဲ့သလို အစ္စရေးစစ်တပ် (IDF)ကိုလည်း အမြင့်ဆုံးအဆင့် တပ်လှန့်ခိုင်းထားလိုက်ကြောင်း ပြောပါတယ်။

အစ္စရေးရဲ့ အမာခံ မဟာမိတ်ဖြစ်တဲ့ ထရမ့်ကလည်း တကယ်လို့ ကြိုတင် သဘောတူထားတဲ့အတိုင်း အခုသီတင်းပတ်ကုန်မှာ အစ္စရေး ဓားစာခံ ၃ ယောက် ပြန်လွတ်မလာဘူးဆိုရင် အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်ပြီလို့ ယူဆရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စတင်အသက်ဝင်ချိန် ကတည်းက ဟားမားစ်တွေဟာ အစ္စရေး ဓားစာခံ ၁၆ ယောက်နဲ့ ထိုင်းနိုင်ငံသား ၅ ယောက်ကို ပြန်လွှတ်ပေးထားပြီး ဖြစ်ပါတယ်။ အပြန်အလှန်အဖြစ် အစ္စရေး အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ ပါလက်စတိုင်း အကျဉ်းသား ၅၆၆ ဦး လွတ်မြောက်ခဲ့ပါတယ်။ ကနဦး သဘောတူညီချက်အရ သီတင်းသုံးပတ်အတွင်း အစ္စရေး ဓားစာခံ ၃၃ ဦးနဲ့ ပါလက်စတိုင်း အကျဉ်းသား ၁၉၀၀ ကို အလဲအလှယ်လုပ်ဖို့ ရည်ရွယ်ထားပြီး အစ္စရေးကတော့ ဓားစာခံတွေထဲက ၈ ဦး သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ယုံကြည်ရကြောင်း ပြောကြားထားပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေး ပိုင်နက်ကို ဟားမားစ်တွေက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ပြီး အစ္စရေး ၁၂၀၀ ဝန်းကျင်ကို သတ်ဖြတ်၊ ၂၅၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားရာက ဂါဇာစစ်ပွဲ စတင်ခဲ့ပါတယ်။ အစ္စရေး စစ်တပ်ရဲ့ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မှုတွေကြောင့် ၁၅ လကြာ စစ်ပွဲအတွင်း အရပ်သား အများစု အပါအဝင် ပါလက်စတိုင်းဦးရေ ၄၈၀၀၀ ကျော် သေဆုံးခဲ့တယ်လို့လည်း ယုံကြည်ရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာမှာ အစ္စရေးက ပမာဏ ကြီးကြီးမားမား လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် တစ်ရက်တည်းနဲ့တင် ပါလက်စတိုင်း ၂၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေးတွေကို ပြန်စနေပြီလို့ အစ္စရေးစစ်တပ် (IDF)က ကြေညာခဲ့ပါတယ်။ လက်ရှိ အခြေအနေအရ ဂါဇာမှာ IDFနဲ့ ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်တို့ကြား အပစ်အခတ် ရပ်စဲထားမှုဟာ သဘောတူညီမှု ပျက်သုဉ်းသွားပြီလို့ ယုံကြည်ရတဲ့ အခြေအနေလည်း ဖြစ်လာပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုနှင့် မြောင်မြို့နယ်အစပ်၌ စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ အရှင်ဖမ်းမိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ယနေ့(မတ်လ ၄ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသဆီ လူသားချင်း စာနာမှု အထောက်အပံ့ ပစ္စည်းတွေ ပို့ဆောင်မှုကို အစ္စရေးက ပိတ်ဆို့ထားလိုက်တဲ့အပေါ် ကုလသမဂ္ဂ (UN)နဲ့ အာရပ် နိုင်ငံတချို့က ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။