ချီလီနိုင်ငံ တောင်ဖက်စွန်း ကမ်းလွန် ပင်လယ်ပြင်မှာ ကယက်လှေ လှော်ခတ်နေသူ တစ်ဦးဟာ ဝေလငါးကြီး တစ်ကောင် မျိုတာကို ခံခဲ့ရပါတယ်။
အဲဒီ ထိတ်လန့်စရာ ဖြစ်စဉ်ကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပြီး လူမှုကွန်ရက်တွေမှာ လူပြောများတဲ့ စိတ်ဝင်တစား မျှဝေမှုတွေ ရှိနေပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့က ဖြစ်စဉ်မှာ ကံကောင်းထောက်မစွာနဲ့ လှေသမားဟာ အထိအခိုက် မရှိဘဲ လွတ်မြောက်လာခဲ့ပါတယ်။
ချီလီတောင်ပိုင်း၊ ပန်တဂိုနီယာ ကမ်းလွန်မှာရှိတဲ့ မာဂယ်လန် ရေလက်ကြားနားမှာ အက်ဒရီယန် ဆီမန်ကက်စ်က လှေလှော်ခတ်လာတာကို သူ့ရဲ့ ဖခင်ဖြစ်သူ ဒဲလ် ဆီမန်ကက်စ်က ဗီဒီယို ရိုက်ကူးထားခဲ့တာပါ။ အဲဒီ အချိန်မှာပဲ ရေအောက်ကနေ ဧရာမ ဝေလငါးကြီး ရုတ်တရက် ပေါ်ထွက်လာပြီး အက်ဒရီယန်ကို လူရော၊ လှေပါ မျိုသွားခဲ့တာပါ။
ဒါပေမဲ့ စက္ကန့်ပိုင်း အကြာမှာပဲ ကျောခုံး ဝေလငါးကြီးက အက်ဒရီယန်နဲ့ လှေကို ပြန်ထွေးထုတ်ပစ်ခဲ့ပါတယ်။ ထိတ်လန့်နေတဲ့ အက်ဒရီယန်ဟာ အဲဒီနေရာကနေ ထွက်ခွာဖို့ အပြင်းအထန် ရေကူးလာနေတဲ့ အချိန်မှာပဲ ဝေလငါးကြီးရဲ့ ဆူးတောင်က ရေပေါ်ကို ထွက်ပေါ်လာခဲ့ပြီး ပြန်လည် ငုပ်လျှိုးသွားတာ တွေ့ရပါတယ်။

Public Service Announcement
ရုတ်တရက် ကြုံလိုက်တဲ့ အခြေအနေမှာ ဖခင်ဖြစ်သူ ဒဲလ်က သူ့သားကို စိတ်အေးအေးထားဖို့ လှမ်းအော်ပြီး သတိပေးနေတာကိုလည်း ဗီဒီယိုထဲမှာ ကြားနေခဲ့ရပါတယ်။
ဘေးကင်းရာကို ပြန်လည် ရောက်ရှိပြီးတဲ့နောက် AP သတင်းဌာနနဲ့ အင်တာဗျူးမှာ အက်ဒရီယန်က သူဟာ အဲဒီအချိန်တုန်းက သေတော့မယ်လို့တောင် အတွေးဝင်မိခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
သူ့ကို ဝေလငါးကြီးက အရှင်လတ်လတ် မျိုချမယ်လို့ ထင်ခဲ့မိပေမယ့် ရုတ်တရက်ပဲ ပြန်ထွေးထုတ်ခဲ့တယ်လို့လည်း အက်ဒရီယန်က ဆိုပါတယ်။ အဲဒီဖြစ်စဉ်ဟာ စက္ကန့်ပိုင်းလောက်ပဲ ကြာခဲ့ပေမယ့် သူ့အတွက် ကြောက်စိတ်မွှန်ပြီး အရမ်းကြာခဲ့တယ်လို့လည်း အက်ဒရီယန်က ဖွင့်ဟသွားခဲ့ပါတယ်။
နောက်တော့ အက်ဒရီယန်ဟာ ဖခင်ရှိတဲ့ ကယက်လှေဆီ ကူးခတ်လာနိုင်ပြီး နှစ်ဦးသား ကမ်းခြေကို အန္တရာယ် ကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့ကြပါတယ်။
ပုံမှန်အားဖြင့်တော့ ကျောခုံး ဝေလငါးတွေဟာ ငါးသေးသေးလေးတွေနဲ့ ပုစွန်လေးတွေကိုသာ စားသောက်လေ့ရှိပါတယ်။ ဝေလငါးတွေက လူကို တိုက်ခိုက်တယ်ဆိုတဲ့ ဖြစ်စဉ်မျိုးဟာ ချီလီကမ်းလွန်မှာ အင်မတန် နည်းပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကုန်တင် သင်္ဘောတွေနဲ့ တိုက်မိလို့ ဝေလငါးတွေ သေဆုံးတဲ့ အရေအတွက်ကတော့ တရိပ်ရိပ် မြင့်တက်လာနေကြောင်း သိရပါတယ်။
ကိုးကား: AP
