Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ကို အနီးကပ် သတင်းယူခွင့်ရမယ့် သတင်းဌာနတွေကို အိမ်ဖြူတော် ကိုယ်တိုင် ရွေးမယ်လို့ ကြေညာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အတွင်းစည်းမှာ သတင်းယူခွင့်ပြုမယ့် သတင်းဌာနတွေကို ကန့်သတ် ရွေးချယ်သွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အတွင်းစည်းမှာ သတင်းယူခွင့်ပြုမယ့် သတင်းဌာနတွေကို ကန့်သတ် ရွေးချယ်သွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ ကာရိုလင်း လီယာဗစ်က သမ္မတ ထရမ့်နဲ့ အတွင်းစည်း နေရာမှာ ရှိပြီး အမေးအဖြေတွေ လုပ်ပိုင်ခွင့်ရှိတဲ့ သတင်းထောက်တွေကို ပြန်လည် စိစစ်သွားမယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက နာမည်ကြီး AP သတင်းဌာနကို သမ္မတနဲ့ အနီးကပ် သတင်းယူခွင့်ရှိတဲ့ သတင်းဌာနတွေ စာရင်းကနေ ပယ်ဖျက်ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့ပြီးတဲ့နောက် အခုကြေညာချက် ထွက်ပေါ်လာတာပါ။ APကလည်း အဲဒီ အခြေအနေကို တုံ့ပြန်တဲ့ အနေနဲ့ လီယာဗစ်နဲ့ အိမ်ဖြူတော် ပြန်ကြားရေး ထိပ်တန်း အရာရှိ နှစ်ယောက်ကို တရားစွဲဆိုခဲ့ပါတယ်။

နေ့စဉ် ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ခွင့်တွေအတွက် အလှည့်ကျ တာဝန်ယူဖို့ ရွေးချယ်ခံထားရတဲ့ ABC၊ CBS၊ CNN၊ Foxနဲ့ NBCတို့ရဲ့ လုပ်ပိုင်ခွင့်က ပြောင်းလဲမှာ မဟုတ်ပေမယ့် မကြာခင်မှာ အဲဒီစာရင်းထဲကို streaming ထုတ်လွှင့်မှုအတွက် နောက်ထပ် သတင်းဌာနတစ်ခု ထည့်ပေါင်းဖြစ်ဖွယ် ရှိတယ်လို့ လီယာဗစ်က ပြောပါတယ်။ ပုံနှိပ်ထုတ်ဝေမှုဆိုင်ရာ ခွင့်ပြုထားတဲ့ သတင်းဌာနတွေ စာရင်းမှာလည်း အသစ် ဖြည့်တင်းမှုတွေ ရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့် အစိုးရရဲ့ မကြုံစဖူး ထူးကဲတဲ့ အောင်မြင်မှုတွေ၊ စွမ်းဆောင်မှုတွေကို ပိုများပြားတဲ့ သတင်းဌာနတွေက အနီးကပ် ရှေ့ဆုံးတန်း အလယ်ကျကျ နေရာမျိုးကနေ စောင့်ကြည့် ရှုစားစေချင်တယ်လို့ လီယာဗစ်က ပြောပါတယ်။

သတင်းဌာနတွေ ရွေးချယ်မှုကို အိမ်ဖြူတော်က တိုက်ရိုက် တာဝန်ယူမယ် ဆိုတာဟာ ဝါရှင်တန်ဒီစီ မြို့တော်မှာ အခြေစိုက်ပြီး အိမ်ဖြူတော်မှာ ဘယ်သတင်းဌာန အလှည့်ကျ သတင်းယူခွင့် ရှိမလဲ ဆိုတာကို ရွေးချယ်ပေးလေ့ရှိတဲ့ အိမ်ဖြူတော် သတင်းထောက်များ အစည်းအရုံး (WHCA)ရဲ့ လုပ်ပိုင်ခွင့်ကို လွှဲယူလိုက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

သတင်းဌာနတွေ အနေနဲ့ နားလည်ရမှာက သူတို့ရဲ့ သတင်းစာတွေကို ဖတ်ရှုကြတဲ့၊ ရုပ်မြင်သံကြားတွေကို ကြည့်ရှုကြတဲ့၊ ရေဒီယိုတွေကို နားထောင်ကြတဲ့ လူထုဆီ လုပ်ပိုင်ခွင့်ကို ပြန်အပ်နှင်းလိုက်တယ် ဆိုတာဖြစ်ကြောင်း၊ အနာဂတ်မှာ အိမ်ဖြူတော် သတင်းယူခွင့်ဆိုင်ရာ သတင်းဌာနတွေကို အိမ်ဖြူတော် ကိုယ်တိုင်ကပဲ ရွေးချယ်မယ်လို့ ဂုဏ်ယူစွာ ကြေညာလိုကြောင်း လီယာဗစ်က ပြောကြားသွားပါတယ်။

လီယာဗစ်ဟာ Daily press poolလို့ခေါ်တဲ့ အိမ်ဖြူတော်မှာ နေ့စဉ်မပြတ် အလှည့်ကျ သတင်းယူရမယ့် အစုအဖွဲ့ထဲ ပါဝင်မယ့် သတင်းဌာနတွေကိုတော့ မကြေညာသေးပါဘူး။ အဲဒီ သတင်းဌာနတွေဟာ ဘဲဥပုံ ရုံးခန်း အပါအဝင် အိမ်ဖြူတော်ထဲမှာ သမ္မတရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို စောင့်ကြည့် သတင်းယူရမှာ ဖြစ်ပါတယ်။ အဲဒီ အစုအဖွဲ့ဟာ သမ္မတက ဝါရှင်တန် ဒီစီ မြို့ထဲမှာ သွားလာတာ၊ တခြား ဖက်ဒရယ် အေဂျင်စီတွေဆီ သွားရောက်တာတွေသာ မကဘဲ ပြည်တွင်းပြည်ပ ခရီးစဉ်တွေထိ လိုက်ပါ သတင်းယူရပါတယ်။

ပုံမှန်ဆိုရင်တော့ သတင်းဌာနတွေဟာ သမ္မတ စီးတော်လေယာဉ် Air Force Oneမှာ လိုက်ပါခွင့်နဲ့ တခြား သတင်းလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်တွေကို ပေးချေရပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ အပြောင်းအလဲမှာ ဘယ်လို ဖြစ်လာနိုင်သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

WHCAရဲ့ ဥက္ကဋ္ဌ ယူဂျင်း ဒန်နီရယ်လ်စတော့ အိမ်ဖြူတော်ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ လွတ်လပ်တဲ့ သတင်းအဖွဲ့အစည်း တစ်ခုရဲ့ အမှီအခိုကင်းတဲ့ ရပ်တည်မှုကို ဖျက်ဆီးလိုက်ခြင်း ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။ အဲဒီ အပြောင်းအလဲရဲ့ အနှစ်ချုပ်ကတော့ အစိုးရကပဲ ဘယ်သတင်းထောက်တွေကို သတင်းယူခွင့် ပေးမလဲ ဆိုတာကို ချုပ်ကိုင်လိုက်တဲ့ အဓိပ္ပါယ် ဖြစ်ကြောင်း၊ လွတ်လပ်တဲ့ နိုင်ငံတစ်ခုမှာ ခေါင်းဆောင်တွေက ကိုယ်ပိုင် သတင်းယူခွင့်ဆိုင်ရာ အစုအဖွဲ့ကို ရွေးချယ်ပိုင်ခွင့် မရှိကြောင်း သူက ပြောကြားသွားပါတယ်။ ဒန်နီရယ်လ်စ် အိမ်ဖြူတော်ဟာ အခုလို အပြောင်းအလဲလုပ်မယ့် ကိစ္စကို WHCAဆီ ကြိုတင် အကြောင်းကြားခဲ့တာမျိုး မရှိဘူး ဆိုတာကိုလည်း အတည်ပြုသွားခဲ့ပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၂၃အောက်တိုဘာကစပြီး ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းသတင်းထောက် အနည်းဆုံး ၂၆၀ ဦး သေဆုံးခဲ့

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။