ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်ရဲ့ ဟိဿရိုး လေဆိပ်မှာ ဓာတ်အား ပြတ်တောက်မှုတွေကြောင့် တစ်နေ့လုံး ပိတ်ထားရမယ်လို့ သိရပါတယ်။
ကမ္ဘာပေါ်မှာ လေယာဉ် အဝင်အထွက် အများဆုံး လေဆိပ်တစ်ခုဖြစ်တဲ့ ဟိဿရိုးကို ပိတ်ထားရတာကြောင့် ဗြိတိန်ရဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ ရှုပ်ထွေးမှုတွေ အခက်အခဲတွေ ကြုံလာရဖွယ် ရှိနေပါတယ်။
ဟိဿရိုး လေဆိပ်ကတော့ မတ်လ ၂၁ ရက်နေ့ တစ်နေ့လုံး ပိတ်ထားမှာ ဖြစ်သလို နောက်ထပ် ရက်ပိုင်းလောက်မှာလည်း မလိုလားအပ်တဲ့ နှောင့်နှေးမှုတွေ၊ ပြဿနာတွေ ရှိကောင်း ရှိနိုင်တာမို့ ခရီးသည်တွေကို မဖြစ်မနေ ကိစ္စမျိုး မဟုတ်ရင် ခရီးမထွက်ကြသေးဖို့ အကြံပေးထားပါတယ်။

ခရီးသည်တွေနဲ့ ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လုံခြုံရေးကို အလေးပေးတဲ့ အနေနဲ့ လေဆိပ်ကို မတ်လ ၂၁ ရက် ညသန်းခေါင်ထိ ပိတ်ထားဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိခဲ့ကြောင်း ဟိဿရိုးလေဆိပ်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
လေဆိပ်ကို ဓာတ်အား ထောက်ပံ့ပေးနေရာ ဓာတ်အားခွဲရုံ တစ်ခုမှာ မတ်လ ၂၀ ရက်နေ့က အပြင်းအထန် မီးလောင်မှု ဖြစ်ပွားခဲ့တဲ့နောက် ဟိဿရိုး လေဆိပ်မှာ မီးတွေပြတ်ကုန်တာ ဖြစ်ပါတယ်။ ခရီးသည်တွေအတွက် စိတ်ပျက်စရာ ဖြစ်မယ် ဆိုတာကို ကောင်းကောင်း နားလည်ကြောင်း၊ အခြေအနေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း လေဆိပ် တာဝန်ရှိသူတွေက ပြောပါတယ်။
လေဆိပ်က ခရီးသည်တွေကို တောင်းပန်ကြောင်း သီးခြားကြေညာထားသလို နောက်ဆက်တွဲ ကြေညာချက်တွေကို စောင့်နားထောင်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။ ဗြိတိန်မှာ အကြီးမားဆုံး လေဆိပ်ဖြစ်တဲ့ ဟိဿရိုးဟာ နေ့စဉ် လေယာဉ် ခရီးစဉ် ၁၃၀၀ ဝန်းကျင် အဆင်းအတက် ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက ဟိဿရိုး လေဆိပ်ကို အသုံးပြုခဲ့တဲ့ ခရီးသည်ဦးရေ ၈၄ သန်းနီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။
ကိုးကား: BBC
