Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ထောင့်သန်းနာကြောင့် နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် လူသေဆုံးမှုဖြစ်

နှစ်ပေါင်း ၃၀ လောက်အတွင်း ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ် ထောင့်သန်းနာ (Anthrax)ကြောင့် လူသေဆုံးမှု ဖြစ်ပွားခဲ့တဲ့နောက် အခြေအနေကို ထိန်းချုပ် တုံ့ပြန်မယ့် အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။

နှစ်ပေါင်း ၃၀ လောက်အတွင်း ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ် ထောင့်သန်းနာ (Anthrax)ကြောင့် လူသေဆုံးမှု ဖြစ်ပွားခဲ့တဲ့နောက် အခြေအနေကို ထိန်းချုပ် တုံ့ပြန်မယ့် အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။

မွတ်ခ်ဒါဟန် ပြည်နယ်ထဲမှာ ဧပြီ ၃၀ ရက်နေ့က ထောင့်သန်းနာ ဘက်တီးရီးယားကြောင့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သလို အဲဒီ ဒေသထဲမှာပဲ နောက်ထပ် ထောင့်သန်းနာ ကူးစက်လူနာ တစ်ဦးကို အတည်ပြု တွေ့ရှိထားပါတယ်။ ဒါတင် မကသေးဘဲ ထောင့်သန်းနာ လူနာတွေလို့ သံသယရှိသူ ၃ ယောက်ကိုလည်း စောင့်ကြည့်နေရကြောင်း ပြည်နယ် ကျန်းမာရေးဌာန အကြီးအကဲ ဒေါက်တာ နာရောင် ချန်ကေအိုက ပြောပါတယ်။

သေဆုံးသူရော၊ သူ့သူငယ်ချင်းပါ လက်မှာ အနာကွက်ကြီးတွေ ဖြစ်လာတာ အပါအဝင် ထောင့်သန်းနာ လက္ခဏာတွေကို တူတူညီညီ ပြသခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယ ကူးစက်လူနာရဲ့ ကျန်းမာရေး အခြေအနေက ကောင်းမွန်နေပြီး ရောဂါလက္ခဏာတွေ ဆိုးရွား ပြင်းထန်လာတာမျိုးတော့ မရှိဘူးလို့ ဒေါက်တာ နာရောင်က မှတ်ချက်ပေးထားပါတယ်။

အဲဒီလူနာကို ဆေးရုံတစ်ခုမှာ သီးသန့်ခွဲခြား ကုသပေးနေပြီး ၂ ပတ်အတွင်း လုံးလုံးလျားလျား ပြန်ကျန်းမာလာဖို့ ဆရာဝန်တွေက မျှော်လင့်ထားပါတယ်။ ကျန်းမာရေး ပညာရှင်တွေဟာ အဲဒီရောဂါ ထိတွေ့ကူးစက်မှု ကြုံနိုင်ခြေရှိတဲ့ လူပေါင်း ရာဂဏန်းလောက်ကိုလည်း ဆက်သွယ် စောင့်ကြည့်ဖို့ ကြိုးစားနေပါတယ်။

Public Service Announcement

Public Service Announcement

မနှစ်တုန်းက ထောင့်သန်းနာ ကူးစက် တိရစ္ဆာန်တချို့ကို တွေ့ရှိခဲ့ဖူးတဲ့ ထိုင်း-လာအို နယ်စပ်တလျှောက် မဲခေါင်မြစ်နားက ဒွန်တန်ခရိုင်ကို လောလောဆယ်မှာ ရောဂါထိန်းချုပ်ရေး ဇုန်အဖြစ် ကြေညာထားလိုက်ပါတယ်။ အဲဒီရောဂါ ကူးစက်ခံရတဲ့ တိရစ္ဆာန်တွေမှာ သွေးတွေ မည်းပုပ်သွားပြီး အသက်ဆုံးရှုံးတဲ့ထိ ဖြစ်တတ်ပါတယ်။

ကနဦး စုံစမ်းမှုတွေအရ လူသေတဲ့ထိ ပြင်းထန်တဲ့ ထောင့်သန်းနာ ရောဂါရဲ့ တူညီတဲ့ ရင်းမြစ်ကို ထိတွေ့မိသူ ၆၃၈ ဦးထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ထောင့်သန်းနာဟာ ကျွဲ၊ နွား၊ သိုးစတဲ့ တိရစ္ဆာန်တွေမှာ ဖြစ်ပွားတတ်ပြီး လူကိုလည်း ကူးစက်စေပါတယ်။ ရောဂါရှိတဲ့ တိရစ္ဆာန်တွေကို အသားဖျက်တာ၊ အသားတွေကို သေချာ မချက်ပြုတ်ဘဲ စားသောက်တာမျိုးတွေကနေ ထောင့်သန်းနာ ကူးစက်နိုင်ပါတယ်။

ထောင့်သန်းနာ ရောဂါသည်တွေကို Doxycyclineဆိုတဲ့ ပိုးသတ်ဆေး တစ်မျိုးနဲ့ အဓိက ကုသလေ့ ရှိတယ်လို့လည်း ထိုင်းဆရာဝန်တွေက ဆိုပါတယ်။ ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားရာ ဒေသနဲ့ ဆက်စပ်တဲ့ အမ်နတ် ချေရုန်၊ ကာလာဆင်၊ နက်ခွန်ဖာနွမ် ဒေသမှာလည်း ထောင့်သန်းနာ ကူးစက်နိုင်ခြေ သတိပေး ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

လက်ရှိ အချိန်မှာတော့ ရောဂါကူးစက်မှုတွေ စတင်ခဲ့တဲ့ ရင်းမြစ်ကို တိတိကျကျ ဖော်ထုတ်ဖို့ ဆက်လက် စုံစမ်းနေပြီး မွတ်ခ်ဒါနာမှာ ထောင့်သန်းနာကြောင့် တိရစ္ဆာန်တွေ သေဆုံးတဲ့ ဖြစ်စဉ်ကိုတော့ လတ်တလော မတွေ့ရှိသေးဘူးလို့ ဆိုပါတယ်။

ထိုင်းမှာ လူသားတွေ ထောင့်သန်းနာ နောက်ဆုံး ကူးစက်ခံရဖူးတာ ၂၀၁၇ တုန်းကဖြစ်ပြီး အဲဒီတုန်းက လူနာ ၂ ဦး အသေအပျောက် မရှိခဲ့ပါဘူး။ ၂၀၀၀ ပြည့်နှစ်တုန်းကလည်း လူ ၁၅ ဦးမှာ အဲဒီရောဂါ ကူးစက်ထားတာ တွေ့ခဲ့ဖူးပေမယ့် အားလုံး အသက်ရှင်ခဲ့ပါတယ်။ ထိုင်းမှာ ထောင့်သန်းနာကြောင့် နောက်ဆုံးအကြိမ် လူသေခဲ့တာဟာ ၁၉၉၄ ခုနှစ်တုန်းကဖြစ်ပြီး ဧရိယာ တစ်ခုတည်းက လူ ၃ ယောက် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ လာအိုဟာ မနှစ်က လူနာ ၁၂၉ ဦး ရှာတွေ့ပြီး ၁ ဦးသေခဲ့သလို ၂၀၂၃ ခုနှစ်၊ မေလတုန်းက ဗီယက်နမ်မှာ လူနာ ၁၃ ဦး အတည်ပြု တွေ့ရှိခဲ့ဖူးပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။