Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ကို လက်စားချေဖို့ နည်းလမ်းအားလုံးကို စဉ်းစားနေကြောင်း အီရန်ပြော

အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးတဲ့နောက် လက်စားချေဖို့ နည်းလမ်း အားလုံးကို စဉ်းစားထားကြောင်း အီရန်ဖက်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးတဲ့နောက် လက်စားချေဖို့ နည်းလမ်း အားလုံးကို စဉ်းစားထားကြောင်း အီရန်ဖက်က ပြောကြားခဲ့ပါတယ်။

ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းက အမေရိကန်ဟာ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ စေလွှတ်ပြီး အီရန်ပိုင်နက်ထဲက နျူကလီးယား နည်းပညာ သုတေသန စခန်း ၃ ခုကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကို အီရန်က လက်စားချေရင် အမှားကြီး မှားလိမ့်မယ်လို့ အမေရိကန်က ခြိမ်းခြောက်ထားပေမယ့် အီရန် သံတမန် အသိုက်အဝန်းကတော့ သေချာပေါက် လက်တုံ့ပြန်မယ်လို့ ပြောဆိုထားပါတယ်။

လောလောဆယ်မှာတော့ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်စခန်းတွေဟာ အီရန်ရဲ့ နံပါတ်တစ် ပစ်မှတ်တွေ ဖြစ်လာနိုင်ခြေ ရှိနေပြီး အဲဒီစခန်းတွေရော၊ အိမ်ရှင်နိုင်ငံတွေပါ အခြေအနေကို ရင်တထိတ်ထိတ် စောင့်ဆိုင်းနေရပါတယ်။

စစ်ရေးသုတေသီတွေက အီရန်ဟာ အမေရိကန်ရဲ့ တိုက်ခိုက်မှုနဲ့ ကြုံတွေ့ပြီး ၄၈ နာရီအတွင်း တစ်ခုခုကို ထင်သာမြင်သာ တုံ့ပြန်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ အမေရိကန်ရဲ့ ဗုံးကြဲမစ်ရှင်အပြီး နာရီပိုင်း အကြာမှာ အီရန်ရဲ့ ဒုံးကျည်တွေက အစ္စရေး နိုင်ငံရဲ့ မြို့တွေထဲ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အမေရိကန်ကို တိုက်ရိုက်ဦးတည်တဲ့ တိုက်ခိုက်မှုမျိုးကိုတော့ လတ်တလော မတွေ့ရသေးပါဘူး။

Public Service Announcement

Public Service Announcement

အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကတော့ အမေရိကန်ဟာ အင်အားသုံးခြင်းနဲ့ ခြိမ်းခြောက်ခြင်းဆိုတဲ့ ဘာသာစကားမျိုးကိုသာ နားလည်တယ်ဆိုတာ လက်တွေ့ ပြသလိုက်တာလို့ ပြောပါတယ်။ အီရန် ပြည်သူတွေအပေါ် ရန်လိုပြီး အန္တရာယ်ကြီးတဲ့ စစ်ဆင် တိုက်ခိုက်မှုမျိုး လုပ်ဆောင်ခဲ့တဲ့အတွက် အမေရိကန်ဟာ အဆုံးမသတ်နိုင်တဲ့ အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ အမေရိကန် အစိုးရကတော့ Midnight Hammerလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးဟာ အီရန်စစ်တပ်နဲ့ အီရန်ပြည်သူတွေကို တိုက်ခိုက်တာ မဟုတ်ဘဲ အီရန်နျူကလီးယား အစီအမံတွေကို ဖျက်ဆီးခြင်းသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

လတ်တလောမှာတော့ အီရန် အာဏာပိုင်တွေဟာ ဘယ်လို နည်းလမ်းတွေနဲ့ အမေရိကန်ကို လက်တုံ့ပြန်မလဲ ဆိုတဲ့အပေါ် ခေါင်းချင်းရိုက် တိုင်ပင် ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ အီရန်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးခံရတဲ့ တိုက်ခိုက်မှုအတွက် မဖြစ်မနေ လက်တုံ့ပြန်ဖို့ စဉ်းစားထားပေမယ့် တကယ်လို့ အမေရိကန်နဲ့ ပဋိပက္ခသာ ပိုမိုကျယ်ပြန့်လာမယ်ဆိုရင် အီရန် အစိုးရရဲ့ ရှင်သန်ရပ်တည်မှုကို ထိခိုက်လာမှာကိုလည်း ထည့်သွင်း စဉ်းစားနေကြောင်း နီးစပ်သူတွေက ပြောပါတယ်။ အီရန်ရဲ့ သံတမန် အသိုက်အဝန်းကတော့ လက်စားချေ တုံ့ပြန်ဖို့ ဖြစ်နိုင်ခြေ ရွေးချယ်မှု မှန်သမျှဟာ ဆွေးနွေးမှု စားပွဲဝိုင်းပေါ်မှာ ရှိနေတယ်လို့ မှတ်ချက်ပေးထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အီရန်ဟာ ကလဲ့စားချေတာကို လုံးဝ မလုပ်သင့်ဘူးလို့ ရာဇသံ ပေးထားပြီး အီရန်အတွက် ငြိမ်းချမ်းရေးနဲ့ ကြေကွဲထိခိုက်မှုတွေထဲက တစ်ခုခုကိုပဲ ရွေးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အမေရိကန်ရဲ့ စစ်ဆင်ရေးဟာ အီရန်မှာ အစိုးရ အပြောင်းအလဲ ဖြစ်လာစေဖို့ ရည်ရွယ်ချက် မပါဘူးလို့ ရှင်းလင်းခဲ့ပေမယ့် ထရမ့်ကတော့ အီရန်မှာ အစိုးရ အပြောင်းအလဲ မဖြစ်သင့်ဘူးလား ဆိုတာမျိုး လူမှုကွန်ရက်ပေါ်ကနေ မေးခွန်းထုတ်ထားပါတယ်။

အီရန်ဟာ အမေရိကန်ကို လက်တုံ့ပြန်ဖို့ စီစဉ်နေတဲ့တိုင် လွန်ခဲ့တဲ့ တစ်ပတ်ကျော်လုံးလုံး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် စစ်ရေး အရင်းအမြစ်တွေ အများအပြား ဆုံးရှုံးခဲ့ပြီး ဖြစ်တဲ့အတွက် အစီအစဉ်တွေကို အကောင်အထည် ဖော်ရာမှာ အကန့်အသတ်တွေ ရှိနိုင်ကြောင်း စစ်ရေး သုတေသီတွေက ခန့်မှန်းထားပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုအပြီး နာရီပိုင်း အကြာမှာတင် အစ္စရေးကို အီရန်က ဒုံးကျည် အစင်း ၂၀ လောက်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာတော့ အစ္စရေး လေကြောင်း ကာကွယ်ရေး စနစ်တွေကို ချိုးဖောက်ပြီး လူနေအိမ်တွေ ထိမှန် ပျက်စီးခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၉၀ နီးပါးလောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ အမေရိကန် မဟာမိတ်တွေ အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေဟာ ပဋိပက္ခတွေ ပိုပြီး အရှိန်မြင့်တက်မလာအောင် ဟန့်တားဖို့ သံတမန်ရေးအရ စေ့စပ်ဆွေးနွေးမှုတွေ ရုပ်လုံးပေါ်လာအောင် အပူတပြင်း ကြားဝင် ညှိနှိုင်းပေးဖို့ ကြိုးစားနေကြောင်းလည်း သိရပါတယ်။

ကိုးကား: NBC

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။