Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာ ရိက္ခာဝေငှရေး စခန်းတွေနားမှာ အစ္စရေး စစ်တပ် ပစ်ခတ်လို့ အများအပြား သေဆုံးနေမှုကို ကုလသမဂ္ဂ ရှုတ်ချ

ဂါဇာ ကမ်းမြှောင်ဒေသမှာ ရိက္ခာ ဝေငှမှုတွေကို စောင့်ဆိုင်းနေသူတွေ အစ္စရေး ပစ်ခတ်တာ ခံရပြီး အများအပြား သေဆုံးခဲ့တဲ့အပေါ် ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အေဂျင်စီတွေက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

AP

ဂါဇာ ကမ်းမြှောင်ဒေသမှာ ရိက္ခာ ဝေငှမှုတွေကို စောင့်ဆိုင်းနေသူတွေ အစ္စရေး ပစ်ခတ်တာ ခံရပြီး အများအပြား သေဆုံးခဲ့တဲ့အပေါ် ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အေဂျင်စီတွေက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေး အစိုးရက ဦးဆောင်စီစဉ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေက ကန်ထရိုက်ယူပြီး ဂါဇာ ဒေသခံတွေကို ရိက္ခာ ဝေမျှပေးတဲ့ နေရာတွေမှာ လုံခြုံရေး ယူထားတဲ့ အစ္စရေး စစ်တပ်က ပစ်ခတ်မှုတွေ ကျူးလွန်ခဲ့တာပါ။ ဂါဇာ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီလို ပစ်ခတ်မှုတွေအတွင်း အနည်းဆုံး ပါလက်စတိုင်း ၄၆ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်း အကောင်အထည် ဖော်နေတဲ့ ဂါဇာ လူသားချင်း စာနာမှု ဖောင်ဒေးရှင်း (GHF)ရဲ့ ရိက္ခာဝေမျှမှု အစီအစဉ်တွေမှာ ကျင့်ဝတ်ပိုင်း ပြဿနာတွေ ရှိတယ်လို့ ဝေဖန်ပြီး ကုလသမဂ္ဂ အေဂျင်စီတွေက ပူးပေါင်းဖို့ ငြင်းဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှု အေဂျင်စီတွေကတော့ GHFရဲ့ ရိက္ခာဝေငှရေး ဇုန်နေရာတွေမှာ အစ္စရေး ပစ်ခတ်မှုကြောင့် ဂါဇာပြည်သူတွေ သေဆုံးနေတဲ့ အခြေအနေဟာ စက်ဆုပ်စရာလို့ ဝေဖန်ခဲ့သလို သတ်ကွင်းထောင်ချောက် တစ်ခုနဲ့ တူနေတယ်လို့ပါ စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ပုံစံတူ သတ်ဖြတ်မှုတွေဟာ ဂါဇာမှာ နေ့စဉ်လိုလို ဖြစ်ပွားနေပေမယ့်လည်း အစ္စရေးက အီရန်ကို ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတကာ အာရုံစိုက်မှုနဲ့ ကင်းကွာနေခဲ့တာလို့ ကုလသမဂ္ဂ အေဂျင်စီတွေက ဆိုပါတယ်။

အခုနောက်ဆုံး ဖြစ်စဉ်တွေ အပါအဝင် မေလကုန်မှာ GHFရဲ့ လုပ်ငန်းလည်ပတ်မှုတွေ စတင်ချိန် ကတည်းက ဂါဇာမှာ အစ္စရေးရဲ့ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေအတွင်း အရပ်သားတွေ သေဆုံးတဲ့ ဦးရေဟာ ၄၁၀ လောက်ထိ များပြားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်ပေါ်မှာတော့ ဂါဇာရဲ့ နျူဆိုင်ရတ် ဆေးရုံ အတွင်းထဲက မြင်ကွင်း ဗီဒီယိုတွေ ပျံ့နှံ့ခဲ့ပြီး သေနတ်ဒဏ်ရာ ရထားပြီး သွေးအလူးလူး ဖြစ်နေတဲ့ လူငယ်တွေကို သယ်ဆောင်လာရင်း ရှုပ်ထွေးနေတာကို တွေ့ရပါတယ်။ ဆေးရုံ ကုတင်ပေါ်မှာ လူနာတွေ ပြည့်နေပြီး ကြမ်းပေါ်မှာပဲ လှဲလျောင်းနေရသူတွေပါ ရှိနေခဲ့ပါတယ်။

နျူဆိုင်ရတ်မှာ အစ္စရေးက စစ်နယ်မြေ သတ်မှတ်ထားရာ နေရာတစ်ခုရဲ့ GHF ရိက္ခာဝေမျှရေး စခန်းမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ တိုးဝှေ့ စောင့်ဆိုင်းနေတုန်း အစ္စရေးစစ်တပ်က ပစ်ခတ်လို့ ၂၁ ဦးသေပြီး ၁၅၀ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေကို နျူဆိုင်ရတ် ဆေးရုံဆီ တင်ပို့ထားတာ ဖြစ်ပါတယ်။

အစ္စရေး စစ်တပ်ကတော့ တပ်ဖွဲ့ဝင်တွေ စစ်ဆင်ရေး လုပ်ဆောင်တဲ့ နေရာနဲ့ အရမ်းနီးကပ်တဲ့ ဧရိယာမှာ မသင်္ကာစရာ လူစုလူဝေးမျိုး ဖြစ်လာတာကြောင့် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တုံ့ပြန်ခဲ့ကြောင်း၊ အစ္စရေး စစ်သားတွေ ပစ်ခတ်လို့ အရပ်သားတွေ ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဆန်းစစ်လေ့လာနေကြောင်း ကြေညာထားပါတယ်။

GHFကတော့ ဇွန်လ ၂၄ ရက် မနက်ပိုင်းတုန်းက ရိက္ခာ ဝေမျှရေး စခန်းတစ်ခုနားမှာ ပစ်ခတ်မှု ဖြစ်ခဲ့တယ် ဆိုတာကို သတိမပြုမိကြောင်း ကြေညာထားပါတယ်။

အဲဒီဖြစ်ရပ်သာ မကဘဲ ဇွန်လ ၂၄ ရက်တုန်းက ဂါဇာတောင်ပိုင်းမှာရှိတဲ့ GHF ရိက္ခာ ဝေငှရေး စခန်းတစ်ခုနားမှာ အစ္စရေး ပစ်ခတ်မှုကြောင့် နောက်ထပ် အရပ်သား ၂၅ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

အစ္စရေးဟာ ဂါဇာဒေသကို ဘက်ပေါင်းစုံကနေ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားရာကနေ GHFရဲ့ မစ်ရှင်တွေ အစပြုနိုင်အောင် လွန်ခဲ့တဲ့ တစ်လလောက်စလို့ အထိုက်အလျောက် ဖြေလျှော့ပေးခဲ့ပါတယ်။ GHFက လက်ရှိ အချိန်ထိ ဂါဇာ ပြည်သူတွေအတွက် ရိက္ခာ အနပ်ပေါင်း ၄၁ သန်းကျော် ဝေငှပေးခဲ့ပြီး ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ကုသလမဂ္ဂ အေဂျင်စီတွေက GHFဟာ ပုဂ္ဂလိက အဖွဲ့အစည်း တစ်ခုအဖြစ် မှတ်ပုံတင်ထားပြီး ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ပွင့်လင်းမြင်သာမှု မရှိတာ၊ ပုဂ္ဂလိက လက်နက်ကိုင် အဖွဲ့အစည်းတွေကို လုံခြုံရေးအတွက် ငှားရမ်း သုံးစွဲတာ၊ အစ္စရေးနဲ့ အမေရိကန်တို့က အတိအလင်း ကျောထောက်နောက်ခံ ပေးထားတာတွေကို ထောက်ပြခဲ့ပြီး လူသားချင်း စာနာမှု မစ်ရှင်တွေ ဆောင်ရွက်ဖို့ အခြေခံ ကျင့်ဝတ်တွေကို ချိုးဖောက်နေကြောင်း ဝေဖန်ထားပါတယ်။

အစ္စရေးကတော့ GHFဟာ ဂါဇာမှာ ဟားမားစ် ပြောက်ကျားတွေရဲ့ ဩဇာ လွှမ်းမိုးမှုကို လျော့ကျစေပြီး တစ်ဖက်မှာလည်း လူသားချင်း စာနာမှု လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အထောက်အကူ ဖြစ်စေမယ်လို့ ညွှန်းဆိုထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းထိ ထိန်းချုပ် သိမ်းယူဖို့ အစ္စရေးစစ်တပ် (IDF)ကို အမိန့်ပေးထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ တည်ငြိမ်အေးချမ်းအောင် ကူညီနိုင်ရေး မစ်ရှင်အတွက် စစ်သည်အင်အား ၈၀၀၀ လောက် ပေးပို့ဖို့ ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားခဲ့ပါတယ်။

သတင်း

နယူးဂါဇာလို့ နာမည်ပေးထားတဲ့ စစ်ပြီးခေတ် ဂါဇာ ပြန်လည်ထူထောင်ရေး တည်ဆောက်မှုတွေအတွက် လျာထား ပရောဂျက်ကို အမေရိကန်က ထုတ်ပြန် ပြသလိုက်ပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေ ဆီကနေ ထိုင်းနိုင်ငံသား ဓားစာခံ တစ်ဦးရဲ့ အလောင်းကို လက်ခံ ရရှိခဲ့ကြောင်း အစ္စရေးက အတည်ပြုခဲ့ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ကနေတဆင့် ဟားမားစ်တွေက ဓားစာခံ ရုပ်အလောင်း တစ်ခုကို လွှဲပြောင်းပေးခဲ့တာပါ။ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက်...