Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဧရာမ ငလျင်ကြီး လှုပ်ခတ်နိုင်ခြေအတွက် ကြိုတင်ပြင်ဆင်မှု အချက်အလက်သစ်တွေကို ဂျပန်ထုတ်ပြန်

အချိန်မရွေး ကြုံတွေ့လာနိုင်တဲ့ ဧရာမ ကမ်းလွန်ငလျင်ကြီးအတွက် ကြိုတင် ပြင်ဆင်မှုဆိုင်ရာ အချက်အလက် အသစ်တွေကို ဂျပန် အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Reuters

အချိန်မရွေး ကြုံတွေ့လာနိုင်တဲ့ ဧရာမ ကမ်းလွန်ငလျင်ကြီးအတွက် ကြိုတင် ပြင်ဆင်မှုဆိုင်ရာ အချက်အလက် အသစ်တွေကို ဂျပန် အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ငလျင်တွေ လှုပ်ခတ်နိုင်မယ့် အခြေအနေကို ကြိုတင်ခန့်မှန်းဖို့ ခက်ခဲလွန်းပေမယ့် ဂျပန်မှာတော့ ပြတ်ရွေ့တွေ၊ ရေအောက် ကျောက်ချပ်တွေရဲ့ လှုပ်ရှားမှုတွေကို ဘက်ပေါင်းစုံကနေ တွက်ချက်ပြီး လာမယ့် နှစ်ပေါင်း ၃၀ အတွင်း ဂျပန်နိုင်ငံ တောင်ဖက် ကမ်းလွန်မှာရှိတဲ့ နာကိုင် သမုဒ္ဒရာချောက်ကို ဗဟိုပြုတဲ့ ဧရာမ ငလျင်ကြီးတစ်ခု လှုပ်ခတ်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။

ဇူလိုင် ၁ ရက်နေ့မှာ အသစ်ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အဲဒီလို ဖျက်အားပြင်း ငလျင်ကြီးမျိုး နှစ်ပေါင်း ၃၀ အတွင်း လှုပ်ခတ်လာနိုင်ခြေဟာ ၇၅ ကနေ ၈၂ ရာခိုင်နှုန်းလောက်ထိ မြင့်မားနေတယ်လို့ သိရပါတယ်။

မတ်လတုန်းက အဲဒီ ဖြစ်နိုင်ခြေ ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေကြောင့် အသေအပျောက်နဲ့ အပျက်အစီး ပမာဏကို ခန့်မှန်းထားရာမှာ လူပေါင်း ၃ သိန်းဝန်းကျင် သေဆုံးနိုင်ပြီး ဒေါ်လာ ၂ ထရီလီယံဖိုးလောက် ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ထိရောက်တဲ့ ပြင်ဆင်မှုတွေ၊ ကြိုတင်ကာကွယ်မှုတွေသာ လုပ်ဆောင်ထားမယ်ဆိုရင် အသေအပျောက် စုစုပေါင်းကို ခန့်မှန်းထားတာရဲ့ ၈၀ ရာခိုင်နှုန်းလောက်ထိ လျှော့ချနိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့ဖူးပါတယ်။ အခု အသစ်ထုတ်ပြန်လိုက်တဲ့ ခန့်မှန်းချက်မှာတော့ လက်ရှိ ပြင်ဆင်မှု နှုန်းမျိုးနဲ့ဆိုရင် အမြင့်ဆုံး သေဆုံးနိုင်ခြေ ဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကိုသာ လျှော့ချနိုင်ဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ငလျင်ဆိုင်ရာ ထိပ်တန်း သိပ္ပံပညာရှင်တွေ စုပေါင်းလေ့လာပြီး အစိုးရဆီ တင်ပြထားတဲ့ အစီရင်ခံစာမှာတော့ ငလျင်ကြီး မတိုင်ခင် အဆောက်အအုံတွေရဲ့ ခိုင်မာမှုကို မြှင့်တင်တာ၊ ခိုလှုံမယ့် နေရာတွေ သေချာပြင်ဆင် ဆောက်လုပ်တာ၊ လူထုရဲ့ ငလျင်နဲ့ ပတ်သက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေကို အရှိန်မြှင့်တာမျိုး ကိစ္စတွေ ပိုမို အားထည့် လုပ်ဆောင်ဖို့ တိုက်တွန်းထားခဲ့ပါတယ်။

ဒါဟာ နိုင်ငံတော်အဆင့် လိုအပ်ချက်မျိုးဖြစ်ကြောင်း၊ မြို့ကြီးပြကြီးတွေရဲ့ အုပ်ချုပ်ရေး ဌာနတွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ စုပေါင်းပြီး အရေးကြုံလာရင် လူ့အသက်တွေ များနိုင်သမျှ များများကို ကယ်တင်ဖို့ စီစဉ်ထားရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက အစိုးရ အစည်းအဝေး တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

နန်ကိုင် သမုဒ္ဒရာချောက်ဟာ ဂျပန်နိုင်ငံ တောင်ဖက်က ပစိဖိတ် ကမ်းရိုးတန်းနဲ့ မျဉ်းပြိုင် ဖြစ်လုနီးပါး တည်ရှိနေပြီး ကီလိုမီတာ ၈၀၀ လောက် ရှည်လျားပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အတွင်း နန်ကိုင် သမုဒ္ဒရာချောက်ကို ဗဟိုပြုတဲ့ ရေအောက် ငလျင်ကြီးတွေဟာ နှစ် ၁၀၀ ကနေ ၂၀၀ အတွင်း ကာလအပိုင်းအခြား တစ်ခုရောက်တိုင်း လှုပ်ခတ်လေ့ ရှိပါတယ်။ နန်ကိုင် သမုဒ္ဒရာချောက်ကို ဗဟိုပြုပြီး နောက်ဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၁၉၄၆ ခုနှစ်တုန်းကဖြစ်ပြီး ပြင်းအားအနေနဲ့ မဂ္ဂနီကျု ၈.၁ နဲ့ ၈.၆ ကြား ရှိခဲ့သလို ဆူနာမီ လှိုင်းတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဂျပန် မိုးလေဝသဌာန (JMA)ဟာ နန်ကိုင်ကို ဗဟိုပြုပြီး ဧရာမ ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ အရေးပေါ် သတိပေးချက် တစ်ခုကို မနှစ်က ဩဂုတ်လမှာ ကြေညာခဲ့ဖူးပြီး တစ်ပတ်အကြာမှာ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ ဒါဟာ တကယ်တမ်း မလှုပ်ခတ်သေးတဲ့ ငလျင်ကြီး တစ်ခုနဲ့ ပတ်သက်ပြီး အရေးပေါ်အဆင့် သတိပေးချက် ကြေညာတာမျိုး ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။

ဂျပန်မှာ ဧရာမ ငလျင်ကြီး လှုပ်ခတ်နိုင်ခြေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေခြင်းက နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုကိုလည်း ထိခိုက် သက်ရောက်စေခဲ့ပါတယ်။

JMAရဲ့ အကြီးအကဲ ရွိုင်ချီ နိုမူရာက ငလျင်နဲ့ ပတ်သက်လို့ နိုးကြားကြဖို့ သတိပေး ဆော်ဩနေတာဟာ ပြည်သူလူထု အနေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ အသင့်ရှိနေစေဖို့ အတွက်သာဖြစ်ပြီး မလိုလားအပ်တဲ့ အစိုးရိမ် လွန်ကဲမှုတွေ မရှိသင့်ကြောင်း ရှင်းလင်း ပြောဆိုထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတဝိုက် ဒီ​နေ့မနက်အ​စောပိုင်းမှာ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ပစိဖိတ် သမုဒ္ဒရာထဲမှာ စစ်ရေးလှုပ်ရှားမှုတွေဟာ အကြီးမားဆုံး မဟာဗျူဟာ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေတယ်လို့ ဂျပန်က ပြောကြားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာငလျင်ကြောင့် ပျက်စီးသွားတဲ့တာရိုးကို သုံး လကျော်အကြာရေတက်လာချိန်မှာ ပြင်ဆင်ဖို့ စစ်​ကောင်စီရဲ့မန္ဆလေးစည်ပင်က တင်ဒါ​ခေါ်ယူနေတယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဇူလိုင် ၉ ရက်နေ့ဝါဆိုလပြည့်နေ့ကစပြီးဝါတွင်းကာလရောက်ရှိပါပြီ။ မြန်မာလူမျိုးတွေဟာ ဝါတွင်းမှာ ငှက်တောင်အသိုက်မ​ပြောင်းကောင်းဘူးဆိုတဲ့ ဆိုရိုးစကားကြောင့် အိမ်အပြောင်းအရွှေ့တွေကို ဝါမဝင်မီအမီလုပ်ကြရပါတယ်။ ဒါပေမယ့် ဝါတွင်းကာလရောက်ဖို့ နှစ်ရက်သာလိုတော့ပေမဲ့ အိမ်အငှားရှာတာ မရသေးလို့ အခက်အခဲ ဖြစ်နေသူတွေ မန္တလေးမြို့မှာအများအပြားရှိနေပါတယ်။