အငတ်ဘေး ဆိုက်လုနီးပါး အခြေအနေတွေ ဖြစ်နေတဲ့ ဂါဇာ ကမ်းမြှောင်ဒေသထဲကို လူသားချင်း စာနာမှု အကူအညီတွေ ပြန်လည် ဝင်ရောက်ခွင့် ရလာနေပြီ ဖြစ်ပါတယ်။
အစ္စရေးဟာ ဂါဇာမှာ လူသားချင်း စာနာမှု အကူအညီတွေ ထောက်ပံ့နေမှုကို ပိတ်ပင်ထားခဲ့ပေမယ့် နိုင်ငံတကာ ဖိအားတွေ ပြင်းထန်လာချိန်မှာတော့ အဲဒီ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ ဇူလိုင် ၂၇ ရက်နေ့မှာ သဘောတူခဲ့ရပါတယ်။
အဲဒီနောက် ဂါဇာက စစ်ဘေးသင့် ပါလက်စတိုင်း ပြည်သူတွေဆီကို လေထီးနဲ့ ရိက္ခာတွေ ချပေးတဲ့ အစီအစဉ်ကို ပြန်လည် စတင်လာခဲ့ပါတယ်။ ဂျော်ဒန်က အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံနဲ့ ပူးပေါင်းပြီး ဇူလိုင် ၂၇ ရက်နေ့မှာ စားနပ်ရိက္ခာနဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး ပစ္စည်း ၂၅ တန်ကို ဂါဇာရဲ့ အစိတ်အပိုင်း တချို့ဆီ လေထီးနဲ့ ကြဲချပေးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
အစ္စရေးက ဂါဇာမှာ လူသားချင်း စာနာမှု မစ်ရှင်တွေ ဆောင်ရွက်နိုင်ရေးအတွက် တချို့ ဧရိယာတွေမှာ တစ်နေ့ကို စစ်ဆင်ရေး ကာလ ၁၀ နာရီစီ ရပ်ဆိုင်းထားပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေး ပိတ်ဆို့မှုကြောင့် ဂါဇာမှာ ဒေသခံ ပြည်သူတွေ အငတ်ဘေးဆိုက်ပြီး သေကြေ ပျက်စီးနေတယ်ဆိုတဲ့ သတင်းတွေကတော့ မှားယွင်း စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ အစ္စရေးက တုံ့ပြန်ထားပါတယ်။

Public Service Announcement
ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေးဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာက ဇူလိုင် ၂၇ ရက်နေ့ကစပြီး အစ္စရေးဖက်က တင်းကျပ်မှုတချို့ စတင် ဖြေလျှော့ပေးလာတယ်လို့ အတည်ပြုခဲ့ပါတယ်။
ဖလက်ချာက လူသားချင်း စာနာမှု အကူအညီပစ္စည်းတွေ တင်ဆောင်ထားတဲ့ ထရပ်ကား အစီး ၁၀၀ လောက်ဟာလည်း စစ်ဆေးရေး ဂိတ်တွေကို ကျော်ပြီး ဂါဇာကို စတင် ဝင်ရောက်ခဲ့တယ်လို့ ကနဦး သတင်းရထားကြောင်း ဆိုပါတယ်။
အစ္စရေးဟာ မဟာမိတ် အမေရိကန်နဲ့ ပေါင်းပြီး ဂါဇာရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး ကဏ္ဍတွေမှာ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ နေရာကို ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) ဆိုတာနဲ့ အစားထိုးဖို့ စီစဉ်ခဲ့ပါသေးတယ်။ ရည်ရွယ်ချက်ကတော့ ဂါဇာက လူသားချင်းစာနာမှု အကူအညီပေးရေး မစ်ရှင်တွေကို အမေရိကန် ပုဂ္ဂလိက ကန်ထရိုက် ကုမ္ပဏီတွေက လက်လွှဲယူပြီး အစ္စရေးက လုံခြုံရေး အထောက်အပံ့ ပေးဖို့ပါ။ ကုလသမဂ္ဂ အေဂျင်စီတွေကတော့ GHFရဲ့ လုပ်ငန်းလည်ပတ်မှု စံနှုန်းတွေဟာ ကျင့်ဝတ်ပိုင်း ပြဿနာတွေ ရှိနေတယ်ဆိုပြီး မပူးပေါင်းခဲ့ပါဘူး။
အစောပိုင်းမှာ အဆင်ပြေမယောင် ရှိခဲ့ပေမယ့်လည်း ရိက္ခာဝေပေးတဲ့ နေရာတွေမှာ လူစုလူဝေး ဖြစ်နေတဲ့ ပါလက်စတိုင်း ဒုက္ခသည် အများအပြားဟာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ ဖြစ်ရပ်တွေ မကြာခဏ ပေါ်ပေါက်လာတဲ့နောက် အစ္စရေးအပေါ် ဝေဖန်မှုတွေ ပိုမို မြင့်တက်လာခဲ့ပါတယ်။
နောက်ပြီး အစ္စရေးရဲ့ ပိတ်ဆို့မှုတွေကြောင့် ဂါဇာမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုက ပိုမိုဆိုးရွားလာကြောင်း အရေးတကြီး ထောက်ပြမှုတွေလည်း ရှိလာပါတယ်။ ဟားမားစ် ပြောက်ကျားတွေ ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဂါဇာမှာ အစာရေစာ ငတ်ပြတ်မှု သက်သက်ကြောင့် သေဆုံးသူတွေ ဒါဇင်နဲ့ချီ ရှိလာကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း အာဟာရဓာတ် ချို့တဲ့မှုဟာ ဂါဇာကို အကြီးအကျယ် ခြိမ်းခြောက်နေပြီလို့ သတိပေးခဲ့ပါတယ်။ အစ္စရေးကတော့ ဂါဇာမှာ အငတ်ဘေး ဆိုက်လုနီးပါး ဖြစ်နေပြီ ဆိုတာဟာ ချဲ့ကားထားပြီး အစ္စရေးကို ပုတ်ခတ်တဲ့ သတင်းတု သတင်းမှားသာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဂါဇာအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပိုမို ပေးပို့သွားမယ်လို့ ပြောကြားခဲ့ပေမယ့် ဂါဇာအရေး ဆိုတာဟာ နိုင်ငံတကာ ပြဿနာ တစ်ခုဖြစ်ပြီး အမေရိကန် တစ်နိုင်ငံတည်းရဲ့ ကိစ္စတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ လေထီးနဲ့ ရိက္ခာတွေ ချပေးတဲ့ နည်းလမ်းဟာ အခြေအနေ အဆိုးဆုံး ဧရိယာတွေမှာ ပြဿနာကို အထိုက်အလျော့ ပြေလည်စေနိုင်ပေမယ့် ကုန်းလမ်းတွေကနေ အထောက်အပံ့တွေ ရေရှည် ပို့ဆောင်နိုင်မှသာ အမှန်တကယ် ထိရောက်ပြီး အရှည်တည်တံ့တဲ့ ဖြေရှင်းနိုင်မှုမျိုး ရှိလိမ့်မယ်လို့ ထောက်ပြထားပါတယ်။
အစ္စရေးနဲ့ ဟားမားစ်တို့ဟာ ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်လည်း လောလောဆယ်မှာတော့ တိုးတက်မှုတွေ ရပ်တန့်တဲ့ အခြေအနေကို ကြုံနေရပါတယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လဆန်းပိုင်းက စတင်ခဲ့တဲ့ ဂါဇာစစ်ပွဲတလျှောက် ဂါဇာမှာ အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၆၀၀၀၀ နီးပါးလောက် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။
ကိုးကား: BBC


















































