၂၀၂၃ ခုနှစ်တုန်းက တူရကီမှာ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ အချိန် Googleရဲ့ အရေးပေါ် ငလျင် သတိပေး စနစ်ဟာ အန္တရာယ် ဇုန်ထဲက လူ ၁၀ သန်းလောက်ဆီ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန် ပေးပို့နိုင်ဖို့ ပျက်ကွက်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးက အဲဒီ သဘာဝ ဘေးဆိုးကြီးအတွင်း သတိပေးစနစ်မှာ မှားယွင်းမှုတွေ ရှိခဲ့တယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။ မဂ္ဂနီကျု ၇.၈ ပြင်းအားအဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် ၃၅ စက္ကန့်အတွင်း Googleဟာ ငလျင်ဗဟိုချက်နဲ့ ၉၈ မိုင် ပတ်ပတ်လည်မှာ နေထိုင်သူတွေ လူပေါင်း ၁၀ သန်းလောက်ဆီကို အမြင့်ဆုံးအဆင့် ငလျင် သတိပေးချက်မျိုး ပေးပို့ပြီး အရေးပေါ် ခိုလှုံရာ နေရာတွေ ရှာဖွေဖို့ အကြောင်းကြားရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လက်တွေ့မှာတော့ လူပေါင်း ၄၆၉ ဦးကသာ Googleဆီက လုပ်သင့်တာတွေ မြန်မြန်လုပ်ဖို့ နှိုးဆော်တဲ့ သတိပေးချက်မျိုး လက်ခံရရှိခဲ့ပါတယ်။ လူပေါင်း ၅ သိန်းလောက်ကတော့ အပျော့စား ငလျင်တစ်ခု လှုပ်ခတ်မှုနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေ ရရှိခဲ့ပါတယ်။
အဲဒီ ငလျင်သတိပေး စနစ်ဟာ Googleရဲ့ မိုဘိုင်း OSဖြစ်တဲ့ Androidကို အသုံးပြုထားတဲ့ ဖုန်းတွေမှာ အလုပ်လုပ်ပါတယ်။ တူရကီမှာ မိုဘိုင်းဖုန်း အသုံးပြုသူ အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ Android OSနဲ့ လည်ပတ်တဲ့ ဖုန်းတွေ ကိုင်ဆောင်ထားကြပါတယ်။

Public Service Announcement
Googleက ၂၀၂၃ ခုနှစ် ငလျင်အတွင်း Androidရဲ့ အရေးပေါ် အကြောင်းကြား စနစ်ဟာ အလုပ်လုပ်ခဲ့ပေမယ့် မှန်ကန်တဲ့ သတင်းအချက်အလက်မျိုး ပေးပို့နိုင်မှု၊ ငလျင်ရဲ့ ပြင်းအားကို တိတိကျကျ တွက်ချက်နိုင်မှုတွေမှာတော့ လွဲချော်ခဲ့တယ်လို့ ဝန်ခံပါတယ်။ အဲဒီ ဖြစ်စဉ်ကို သင်ခန်းစာယူပြီး စနစ်တွေကို ပိုမိုတိကျ ကောင်းမွန်လာအောင် အဆင့်မြှင့်တင်နေတယ်လို့ Googleရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနိုင်ငံ အရှေ့တောင်ပိုင်း၊ ဆီးရီးယားနဲ့ နယ်စပ်နားမှာ မဂ္ဂနီကျု ၇.၈ အဆင့် ငလျင်ကြီးနဲ့ နာရီပိုင်းခြားပြီး ထပ်လှုပ်တဲ့ မဂ္ဂနီကျု ၇.၇ ငလျင်ကြီးကြောင့် တူရကီမှာ လူပေါင်း ၅ သောင်းခွဲ ဝန်းကျင် သေဆုံးပြီး ၁ သိန်းကျော် ဒဏ်ရာရခဲ့ပါတယ်။ ဆီးရီးယားမှာလည်း အသေအပျောက် ၁ သောင်းနီးပါးလောက်ထိ ရှိခဲ့ပါတယ်။
Googleရဲ့ AEAလို့ အတိုကောက် ခေါ်ဝေါ်တဲ့ Android ငလျင်သတိပေး စနစ်ဟာ Android စနစ်သုံး ဖုန်းတွေ အများအပြားက တပြိုင်တည်း တုန်ခါသွားတာကို အာရုံခံပြီး ငလျင်လှုပ်ခြင်းကို အာရုံခံနိုင်အောင် တီထွင်ထားနိုင်ပါတယ်။ ငလျင်တစ်ခုရဲ့ ဗဟိုချက်ကနေ ဖြာထွက်သွားတဲ့ ငလျင်လှိုင်းတွေဟာ မြေသားကို ဖြတ်တဲ့အခါ အချိန်ယူရလေ့ ရှိတာကြောင့် AEAဟာ ငလျင်စလှုပ်ပြီးတာနဲ့ ပိုဝေးကွာတဲ့ နေရာတွေဆီ ငလျင်လှိုင်းတွေ မရောက်ခင် ကြိုတင် သတိပေးနိုင်မှာ ဖြစ်ပါတယ်။
AEAရဲ့ အမြင့်ဆုံး သတိပေး စနစ်ဟာ လုပ်သင့်တာတွေ လုပ်ဖို့ဆိုတဲ့ ညွှန်ကြားချက် ပေးပို့ခြင်း ဖြစ်ပါတယ်။ အဲဒီအခါ ဖုန်းတွေမှာ Do not disturbဆိုတဲ့ settingကို ရွေးထားရင်တောင်မှ ဖုန်းကနေ ကျယ်လောင်တဲ့ သတိပေး အချက်ပြသံ မြည်ဟည်းလာမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်တုန်းကတော့ အဲဒီလို အချက်ပြမှုမျိုးကို လူပေါင်း ၄၆၉ ဦးကသာ လက်ခံရရှိခဲ့တာပါ။
Googleရဲ့ သုတေသီတွေကတော့ ငလျင်တုန်ခါမှုရဲ့ algorithmတွေကို ထောက်လှမ်းနိုင်တဲ့ အပိုင်းမှာ အကန့်အသတ်တွေ ရှိခဲ့ရာက စနစ်ဟာ ငလျင်ပြင်းအားကို လျှော့တွက်ခဲ့ပြီး အရေးအကြီးဆုံးအဆင့် သတိပေးမှုမျိုး ပေးပို့နိုင်ဖို့ ပျက်ကွက်ခဲ့တာလို့ ပြောပါတယ်။ ပထမ ငလျင်ရဲ့ ပြင်းအားဟာ မဂ္ဂနီကျု ၇.၈ ဖြစ်ခဲ့ပေမယ့် AEAကတော့ မဂ္ဂနီကျု ၄.၅ နဲ့ ၄.၉ ကြားလောက်လို့ပဲ တွက်ချက်မိခဲ့ပါတယ်။ ဒုတိယ ငလျင်ရဲ့ ပြင်းအားကိုလည်း စနစ်က တွက်ချက်ရာမှာ ရှိရင်းစွဲထက် လျှော့ပေါ့ထားခဲ့ပြန်တယ်လို့ သိရပါတယ်။
Googleက AEAဟာ ကုမ္ပဏီက ထောက်ပံ့ပေးတဲ့ အပိုဆောင်း ဝန်ဆောင်မှု တစ်ခုသာဖြစ်ပြီး နိုင်ငံအလိုက် အစိုးရ အသီးသီးက ထူထောင်ထားတဲ့ ငလျင်သတိပေး စနစ်တွေရဲ့ နေရာကို အစားထိုး ဝင်ရောက်ဖို့ ရည်ရွယ်မထားကြောင်း ပြောပါတယ်။ တစ်ဖက်မှာတော့ သုံးစွဲသူတွေဟာ ရလဒ်ပိုင်း အပြည့်အဝ ယုံကြည် စိတ်ချရတဲ့ အဆင့်ထိ မစမ်းသပ်ရသေးတဲ့ နည်းပညာတွေကို လွန်လွန်ကဲကဲ ယုံစားရာက ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံလာမှာကို စိုးရိမ်တကြီး ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
ကိုးကား: BBC


















































