ကာတာ အစိုးရဆီကနေ လက်ဆောင်ရထားတဲ့ လေယာဉ်ကြီးကို သမ္မတ စီးတော်လေယာဉ်အဖြစ် အမေရိကန်က စတင် ပြောင်းလဲနေပြီ ဖြစ်ပါတယ်။
Boeing 747-8 အမျိုးအစား လေယာဉ်ဟာ အဆင့်အမြင့်ဆုံး ဇိမ်ခံ အသုံးအဆောင်တွေနဲ့ ပေါင်းစပ် တည်ဆောက်ထားပြီး လေပေါ် နန်းတော်ကြီးလို့တောင် တင်စားခံရလေ့ ရှိပါတယ်။ ကာတာ အစိုးရက အဲဒီ လေယာဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်အတွက် ဘာနှောင်ကြိုးမှ မရှိတဲ့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာလို့ ပြောပါတယ်။
အမေရိကန်ရဲ့ ဥပဒေတွေအရ အစိုးရ အရာရှိတွေဟာ ဒေါ်လာ ၄၈၀ ထက်ပိုတဲ့ လက်ဆောင်မျိုးတွေ လက်ခံခွင့် မရှိပါဘူး။ ဒီတော့ ဒေါ်လာ သန်း ၄၀၀ တန် လေယာဉ်ကြီးကို ပြည်ပနိုင်ငံ တစ်ခုရဲ့ လက်ဆောင်အဖြစ် လက်ခံတာဟာ စည်းမျဉ်းတွေကို အတိအလင်း ချိုးဖောက်မှုဖြစ်ကြောင်း ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ အိမ်ဖြူတော်ကတော့ လေယာဉ်ကို လက်လွှဲယူခဲ့တဲ့ လုပ်ငန်းစဉ် အားလုံးဟာ တရားဝင်ကြောင်း၊ ထရမ့်က ရာထူးက အနားယူသွားတဲ့ အချိန်ကျရင်လည်း အဲဒီလေယာဉ်ကို ထရမ့်ရဲ့ သမ္မတ စာကြည့်တိုက်ဆီ လွှဲအပ် လှူဒါန်းဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။

Public Service Announcement
အမေရိကန်ဟာ လောလောဆယ်မှာ သမ္မတ စီးတော်လေယာဉ် Air Force Oneအဖြစ် Boeing 747-200 နှစ်စီးကို အလှည့်ကျ အသုံးပြုနေပါတယ်။ အဲဒီလေယာဉ်တွေဟာ သက်တမ်းအတော်လေး အိုဟောင်းနေပြီ ဖြစ်ပါတယ်။ အမေရိကန်က Boeing ကုမ္ပဏီဆီကနေ Air Force Oneအဖြစ် အသုံးပြုဖို့ Boeing 747-8 လေယာဉ် အသစ်တွေ မှာယူထားပေမယ့် ထရမ့်ရဲ့
သမ္မတသက်တမ်း မကုန်ဆုံးခင် လက်ခံရရှိဖို့ မသေချာပါဘူး။
အခုတော့ ကာတာက လက်ဆောင်သဘော ပေးအပ်ထားတဲ့ Boeing 747-8 လေယာဉ် အသစ်ကို Air Force Oneအဖြစ် ပြောင်းလဲဖို့ အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က ဦးစီး အကောင်အထည် ဖော်နေပါတယ်။ လေယာဉ်မှာ ထောက်လှမ်းရေးနဲ့ သူလျှို ကိရိယာတွေ လျှို့ဝှက် တပ်ဆင်ထားသလား ဆိုတာမျိုးတွေကိုလည်း အသေးစိတ် စစ်ဆေးတာမျိုး အဆင့်တွေကို ကျော်လွန်ပြီးမှသာ Air Force Oneအဖြစ် စတင် အသုံးပြုစေမှာ ဖြစ်ပါတယ်။
လေယာဉ်ကို Air Force One စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြောင်းလဲရတဲ့အတွက် ကုန်ကျစရိတ် ဘယ်လောက် ရှိမလဲ ဆိုတာကို မသိရသေးပေမယ့် သက်သက်သာသာတော့ မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ Air Force Oneအဖြစ် သုံးစွဲဖို့ဆိုရင် လေယာဉ်မှာ အဆင့်မြင့် လုံခြုံရေး စနစ်တွေ၊ ဝေဟင်မှာ ပျံသန်းရင်း ဆီဖြည့်နိုင်တဲ့ စနစ်တွေ၊ နျူကလီးယား ပေါက်ကွဲမှု တစ်ခု ကြုံလာရင် ရိုက်ခတ်လာမယ့် လျှပ်စစ် သံလိုက်လှိုင်းတွေရဲ့ ဒဏ်ကနေ ကြံ့ကြံ့ခံနိုင်မယ့် စနစ်တွေကို ထည့်သွင်း တပ်ဆင်ရမှာပါ။ အဲဒီ လုပ်ငန်းစဉ် အတွက်တင် ဒေါ်လာ သန်းရာဂဏန်းကနေ ဘီလီယံနဲ့ချီ များပြားတဲ့ထိ ကုန်ကျနိုင်တယ်လို့လည်း သိရပါတယ်။
ကိုးကား: BBC


















































