Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွီဒင်မှာ ဘုရားကျောင်းကြီး တစ်ခုလုံးကို အလုံးအထည်မပျက် ရွှေ့ပြောင်းဖို့ ပြင်ဆင်နေ

ဆွီဒင်မှာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ ခရစ်ယာန် ရှေးဘုရားကျောင်းကြီးကို အလုံးအထည်မပျက် နေရာရွှေ့ပြောင်းဖို့ စီစဉ်နေပါတယ်။

AP

ဆွီဒင်မှာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ ခရစ်ယာန် ရှေးဘုရားကျောင်းကြီးကို အလုံးအထည်မပျက် နေရာရွှေ့ပြောင်းဖို့ စီစဉ်နေပါတယ်။

ဆွီဒင်နိုင်ငံ မြောက်ပိုင်းမှာ တည်ရှိတဲ့ အဲဒီ အနီရောင် ဘုရားကျောင်းကြီးဟာ မြေကျွံနစ်မြုပ်မှု အန္တရာယ်နဲ့ ကြုံတွေ့နေတဲ့နောက် ၅ ကီလိုမီတာလောက် အကွာကို ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့တာပါ။

၁၉၁၂ တုန်းက စတင် တည်ဆောက်ခဲ့တာကြောင့် သက်တမ်း ၁၁၃ နှစ်ရှိပြီဖြစ်တဲ့ ဘုရားကျောင်းကြီးအတွက် ကီရူနာ မြို့လယ်နားမှာလည်း နေရာသစ် ရွေးချယ်ထားပြီးပါပြီ။

လောလောဆယ်တော့ ဘုရားကျောင်းကြီးကို အလုံးအထည် မပျက်အောင် သတိထားပြီး ကုန်တင်ကား နောက်တွဲယာဉ်ကြီး တစ်ခုပေါ် တင်ဆောင်ထားပါတယ်။ ပြီးတော့ တစ်နာရီကို မီတာ ၅၀၀ လောက်နှုန်းနဲ့ ဖြည်းဖြည်းချင်း မောင်းနှင်ရင်း နေရာသစ်ဆီ သယ်ယူမှာပါ။ အဲဒီ ခရီးစဉ်ဟာ ၂ ရက်လောက် ကြာမယ်လို့ ခန့်မှန်းရပါတယ်။

Public Service Announcement

Public Service Announcement

ဘုရားကျောင်း တည်ရှိရာ မြို့ဟောင်းနေရာဟာ အရင်က သံသတ္တုရိုင်းတွေ အလွန်အကျွံ တူးဖော်ထားတဲ့ဒဏ်ကြောင့် မြေကျွံနိမ့်ကျမှုတွေ ဖြစ်ပေါ်နိုင်ခြေ ခြိမ်းခြောက်မှုတွေ ကြုံနေရပါတယ်။

ဘုရားကျောင်းကြီး တည်ရှိရာ ကီရူနာမြို့ဟာ အာတိတ်စက်ဝိုင်းရဲ့ မြောက်ဖက် ၁၄၅ မိုင်လောက်အကွာ၊ ဆွီဒင်နိုင်ငံ မြောက်ဖျားပိုင်းမှာ တည်ရှိနေတာပါ။

ယဉ်ကျေးမှု လက်ရာ ထိန်းသိမ်းရေး ပညာရှင် ဆိုဖီယာ လက်ဂါလော့ဖ် မက်တာက အခုပရောဂျက်အတွက် နှစ်တွေနဲ့ချီ အချိန်ယူ ပြင်ဆင်ခဲ့ရပြီး အပြီးသတ် ခရီးစဉ် စတင်နိုင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။ အရမ်းကြီးမားတဲ့ ရှေးအဆောက်အအုံ တစ်ခုကို အလုံးအထည် မပျက်အောင် ရွှေ့ပြောင်းရတာဟာ အရမ်းရှုပ်ထွေးပြီး ခက်ခဲကြောင်း၊ ဒီခရီးစဉ်ဟာ သေချာပေါက် သမိုင်းဝင် လုပ်ဆောင်မှုတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။

၂၀၁၀ အလွန် နှစ်တွေကစပြီး ကီရူနာမှာရှိတဲ့ အဆောက်အအုံ တချို့ကို ပိုပြီး ဘေးကင်းလုံခြုံတဲ့ ဧရိယာတွေဆီ ရွှေ့ပြောင်းခဲ့ပါတယ်။ ဒါပေမဲ့ အများစုက အလုံးလိုက် သေသေသပ်သပ် ဖျက်ယူပြီး ပြန်ဆောက်လုပ်တာမျိုး နည်းကိုပဲ သုံးခဲ့တာပါ။ ပိုသေးတဲ့ ရုပ်တုတွေနဲ့ အဆောက်အအုံတွေကိုတော့ အလုံးအထည်အလိုက် ရွှေ့ပြောင်းခဲ့ပါတယ်။

အရင်က မြို့ဟောင်းအလယ်မှာ ရှိခဲ့တဲ့ နာရီစင်ဟာလည်း အခုဆိုရင် အသစ်ပြောင်းလဲ သတ်မှတ်လိုက်တဲ့ မြို့သစ်ရဲ့ အလယ်ဗဟိုမှာ ခန့်ခန့်ထည်ထည် တည်ရှိနေပြီလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

ဆွီဒင်နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဓားနဲ့တိုက်ခိုက်မှုကြောင့် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ဘုရားကျောင်း တစ်ခုမှာ လူတွေ အထိတ်တလန့် စုပြုံတိုးဝှေ့ပြီး ပိမိနင်းမိကြလို့ ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ဆွီဒင်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်သစ် ၁၆ စီး အရောင်းအဝယ် စာချုပ်ကို ယူကရိန်းနဲ့ ဆွီဒင်တို့ကြား တရားဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။