လေကြောင်းပြပွဲ တစ်ခုအတွက် အစမ်းလေ့ကျင့် ပျံသန်းရင်း ပိုလန်မှာ တိုက်လေယာဉ်တစ်စီး ပျက်ကျရာက လေယာဉ်မှူး သေဆုံးသွားခဲ့ပါတယ်။
ဩဂုတ် ၂၈ ရက်နေ့က ပိုလန်အလယ်ပိုင်း၊ ရာဒမ်မြို့မှာ ပိုလန်စစ်တပ်ရဲ့ အမေရိကန်လုပ် F-16 အပေါ့စား တိုက်လေယာဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ဟာ လေထဲမှာ ကျွမ်းထိုးမှောက်ခုံ စစ်ကစား ပျံသန်းပြနေရင်း လေယာဉ်ကွင်း ပြေးလမ်းပေါ် အရှိန်နဲ့ ကျဆင်းလာပြီး ပေါက်ကွဲ မီးလောင်သွားခဲ့တာ ဖြစ်ပါတယ်။
ပိုလန် ကာကွယ်ရေး ဝန်ကြီး ဝလာဒီဆလော် ကိုဆီညက်ခ် ကမ်ယက်စ်ဇ်က နိုင်ငံအတွက် အမှုထမ်းရင်း အသက်ပေးသွားတဲ့ လေယာဉ်မှူး ဗိုလ်မှူး မာစီယက်ဂျ် ခရာကိုဝီယန် အတွက် ဝမ်းနည်းစွာ အလေးပြုကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်ပေါ်မှာ ထိခိုက်သေဆုံးမှုတွေတော့ မရှိခဲ့ပါဘူး။ လေယာဉ်ပျက်ကျမှုအပြီး အခင်းဖြစ်ရာ နေရာဆီ ကယ်ဆယ်ရေး အဖွဲ့တွေ အမြန်ဆုံး အပူတပြင်း သွားရောက်ခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။

Public Service Announcement
လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ လေယာဉ်ဟာ ရုတ်တရက် နိမ့်ဆင်းလာပြီး ပြေးလမ်းပေါ်မှာ မီးတွေတောက်လောင်လျက်သား တရွတ်ဆွဲပြီး မောင်းနှင်သွားတာကို တွေ့ခဲ့ရပါတယ်။
လေယာဉ်ပျက်ကျမှု အပြီးမှာတော့ ရာဒွမ်မြို့မှာ အခုသီတင်းပတ်ကုန် ကျင်းပမယ့် လေကြောင်းပြပွဲကို ဖျက်သိမ်းလိုက်တယ်လို့လည်း သိရပါတယ်။
ကိုးကား: Reuters


















































