Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နီပေါ ယာယီ ဝန်ကြီးချုပ်အဖြစ် တရားသူကြီးချုပ်ဟောင်း ကာကီ ကျမ်းကျိန်

လူငယ်တွေ ဦးဆောင်တဲ့ အုံကြွ ဆန္ဒပြမှုတွေကြောင့် အစိုးရ ပြုတ်ကျသွားပြီးတဲ့နောက် နီပေါနိုင်ငံမှာ တရားသူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီက ယာယီ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ဓာတ်ပုံ - AP

လူငယ်တွေ ဦးဆောင်တဲ့ အုံကြွ ဆန္ဒပြမှုတွေကြောင့် အစိုးရ ပြုတ်ကျသွားပြီးတဲ့နောက် နီပေါနိုင်ငံမှာ တရားသူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီက ယာယီ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

အသက် ၇၃ နှစ်အရွယ် ကာကီဟာ အကျဉ်းချုံး ပြုလုပ်တဲ့ အခမ်းအနား တစ်ခုမှာ စက်တင်ဘာ ၁၂ ရက်နေ့က ယာယီ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အာရှတောင်ပိုင်း ဒေသတွင်း နိုင်ငံမှာတော့ ဒါဟာ အစိုးရ အကြီးအကဲ နေရာမှာ အမျိုးသမီး တစ်ဦးက ပထမဆုံး ကျမ်းကျိန်မှုလည်း ဖြစ်လာပါတယ်။

အစိုးရ ပြုတ်ကျအပြီး နိုင်ငံရဲ့ အခြေအနေကို ကြားဝင် ထိန်းသိမ်းပေးထားတဲ့ နီပေါစစ်တပ်နဲ့ ဆန္ဒပြမှုကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေ အကျေအလည် ညှိနှိုင်းမှုအပြီး ကာကီကို ယာယီ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ သဘောတူခဲ့ကြတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက နီပေါမှာ လူသုံးများတဲ့ လူမှုကွန်ရက် မီဒီယာတွေကို အစိုးရက ပိတ်ပင်ခဲ့တဲ့နောက် ဆန္ဒပြမှုတွေ စတင်ခဲ့ပြီး အဲဒီနောက်မှာတော့ အစိုးရရဲ့ အဂတိ ထူပြောမှုတွေကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုကြီးအသွင် ကူးပြောင်းသွားခဲ့ပါတယ်။ ပြီးတော့ ရဲတွေရဲ့ အင်အားသုံး တုံ့ပြန်မှုတွေကြောင့် အခြေအနေတွေက အဓိကရုဏ်းဆန်ဆန် ပြောင်းလဲသွားပြီး လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ပြီးတော့ ဝန်ကြီးချုပ် ခက်ဒ်ဂါ ပရာဆက်ဒ် ရှာမာ အိုလီ ဦးဆောင်တဲ့ အစိုးရ အဖွဲ့လည်း နုတ်ထွက်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ခေါင်းဆောင်မဲ့နေတဲ့ နိုင်ငံကို ဘယ်သူ ဦးဆောင်မလဲ ဆိုတာကို စစ်တပ်နဲ့ ဆန္ဒပြ ကျောင်းသားတွေ ညှိနှိုင်းခဲ့တဲ့နောက် ကာကီကို တာဝန်ပေးဖို့ သဘောတူခဲ့ကြပေမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာ တချို့ကြောင့် နှောင့်နှေးမှုတွေ ကြုံခဲ့ပါသေးတယ်။ အထူးသဖြင့် ကာကီကို ယာယီ ဝန်ကြီးချုပ် ခန့်အပ်မှုဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာရယ်၊ လွှတ်တော်ကို ဖျက်သိမ်းမလား၊ ဆက်ထားမလား ဆိုတာရယ်ကို ဥပဒေ ပညာရှင်တွေပါ ပါဝင်ပြီး ညှိနှိုင်း ဆွေးနွေးခဲ့ကြရပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ ကာကီက ကျမ်းသစ္စာ ကျိန်ဆိုပြီး လွှတ်တော်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ပြီးတော့ လာမယ့်နှစ် မတ်လ ၅ ရက်နေ့မှာ ရွေးကောက်ပွဲအသစ် ကျင်းပဖို့လည်း ရက်သတ်မှတ်ခဲ့ပါတယ်။

ကာကီဟာ သူ့ဘဝ သက်တမ်းတလျှောက် အဂတိ ကင်းစင်လွန်းသူလို့ နာမည်ကောင်းနဲ့ ကျော်ကြားပါတယ်။ အစိုးရဟောင်းကို ဖြုတ်ချခဲ့တဲ့ လူထုအုံကြွမှုကို ဦးဆောင်ပြီး Gen Z အင်အားစုတွေလို့ ကြွေးကြော်ထားတဲ့ လူငယ် ဆန္ဒပြ ခေါင်းဆောင်တွေက ယာယီ ဝန်ကြီးချုပ် နေရာအတွက် ကာကီကို စိတ်တူကိုယ်တူ ထောက်ခံခဲ့ကြပါတယ်။

ကာကီဟာ လာမယ့်ရက်ပိုင်းအတွင်း သူ့ရဲ့ ယာယီ အစိုးရ အဖွဲ့ဝင်တွေကို ရွေးချယ်သွားဖွယ် ရှိနေပါတယ်။ သူဦးဆောင်တဲ့ ယာယီ အစိုးရ အတွက်တော့ စိန်ခေါ်မှု ပေါင်းစုံက စောင့်ကြိုနေမှာပါ။ ပြီးတော့ ဆန္ဒပြမှုတွေအတွင်း တိုက်ခိုက်၊ မီးရှို့ခံရတဲ့ အစိုးရ အဆောက်အအုံတွေကို ပြန်လည် ပြုပြင် တည်ဆောက်မှုကို ကြီးမှူးရမှာ ဖြစ်သလို ဆန္ဒပြပွဲတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရန်လို အကြမ်းဖက်မှုတွေကိုလည်း တရားရေးအရ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ အခုလို သွေးထွက်သံယို ကိစ္စတွေအပြီး နိုင်ငံရဲ့ သက်တမ်းနုနယ်နေသေးတဲ့ ဒီမိုကရေစီ လမ်းကြောင်း ဘေးချော်သွားမှာကို နီပေါပြည်သူတွေကြား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နီပေါနိုင်ငံရဲ့လူနေဧရိယာတစ်ခုမှာအချင်းချင်းအငြှိုးတကြီးတိုက်ခိုက်နေတဲ့ ကြံ့ကြီးနှစ်ကောင်ရဲ့ဗီဒီယိုဟာလူမှုကွန်ရက်သုံးစွဲသူတွေကြားမှာလူပြောများခဲ့ပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ပြေးလမ်းပေါ်အဆင်း မီးစွဲလောင်ခဲ့ပေမယ့် ကံအားလျော်စွာနဲ့ ခရီးသည်တွေအားလုံး ဘေးကင်းခဲ့ကြပါတယ်။

နိုင်ငံတကာ

Rapဂီတ အဆိုတော်ဟောင်း ဘာလန်ဒရာ ရှားဟာ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

လူငယ် Rapဂီတ အဆိုတော်ဟောင်း တစ်ဦးဖြစ်တဲ့ ဘလန်ဒရာရှားဟာ နီပေါနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။