Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်စခန်းတွေနားမှာ ဒရုန်းတွေ ဆက်တိုက် တွေ့နေရတဲ့ကိစ္စ ဒိန်းမတ် ခေါင်းခဲနေ

နိုင်ငံရဲ့ အကြီးမားဆုံး စစ်စခန်း အပါအဝင် စစ်ဖက်ဆိုင်ရာ အဆောက်အအုံတွေ တဝိုက်မှာ ပိုင်ရှင် ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ ဒရုန်းတွေကို တွေ့နေရခြင်းက ဒိန်းမတ်အတွက် အကြီးအကျယ် ခေါင်းခြောက်စရာ ဖြစ်နေပါတယ်။

ဓာတ်ပုံ - Reuters

နိုင်ငံရဲ့ အကြီးမားဆုံး စစ်စခန်း အပါအဝင် စစ်ဖက်ဆိုင်ရာ အဆောက်အအုံတွေ တဝိုက်မှာ ပိုင်ရှင် ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ ဒရုန်းတွေကို တွေ့နေရခြင်းက ဒိန်းမတ်အတွက် အကြီးအကျယ် ခေါင်းခြောက်စရာ ဖြစ်နေပါတယ်။

ဒိန်းမတ်နည်းတူ အိမ်နီးချင်း နော်ဝေးကလည်း နိုင်ငံရဲ့ အကြီးဆုံး လေတပ်စခန်းဖြစ်ပြီး အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ်တွေ ထားရှိရာ အော်လန်း လေတပ်စခန်းနားမှာ ဒရုန်းတွေ ထောက်လှမ်း တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်ကို စုံစမ်းနေကြောင်း စက်တင်ဘာ ၂၇ ရက်နေ့က ပြောပါတယ်။

ဒိန်းမတ်အတွက်ကတော့ ပိုပြီး အကျပ်ရိုက်စရာ ဖြစ်နေတာက ဒရုန်းတွေကို တစ်နေရာတည်းမှာ မဟုတ်ဘဲ စစ်စခန်းတွေ တဝိုက်မှာ ဖြန့်ကျက်ပြီး တွေ့နေရလို့ ဖြစ်ပါတယ်။ ဒါတင် မကသေးဘဲ ဒိန်းမတ်ရဲ့ မြို့တော် ကိုပင်ဟေဂင်ဟာ လာမယ့် သီတင်းပတ်ထဲမှာ ဥရောပ သမဂ္ဂ ထိပ်သီး အစည်းအဝေး တစ်ရပ်ကိုလည်း ကျင်းပမှာ ဖြစ်တဲ့အတွက် လုံခြုံရေး အစီအမံတွေ အတွက်ပါ ဗျာများနေတယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ ဆွီဒင်က အဲဒီ ထိပ်သီး အစည်းအဝေး ကာလမှာ အသုံးပြုနိုင်အောင် နိုင်ငံရဲ့ ဒရုန်းဖျက် နည်းပညာတွေကို အသုံးပြုခွင့်ပေးဖို့ ဒိန်းမတ်ဆီ ကမ်းလှမ်းထားပြီး ဒိန်းမတ်ကလည်း လက်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

ဒိန်းမတ်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက နိုင်ငံရဲ့ စစ်ရေးဆိုင်ရာ အဆောက်အအုံ တချို့နားမှာ ဒရုန်းတွေကို ထောက်လှမ်း တွေ့ရှိထားခဲ့ကြောင်း အတည်ပြုခဲ့ပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။ ဒိန်းမတ် ရဲတပ်ဖွဲ့ကတော့ နိုင်ငံရဲ့ အကြီးဆုံး စစ်အခြေစိုက် စခန်းဖြစ်တဲ့ ကာရပ် လေတပ်စခန်းနားမှာ စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းက ဒရုန်း တစ်စီး၊ ဒါမှမဟုတ် နှစ်စီး ပျံသန်းနေခဲ့တယ်လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆိုင်မွန် စကဲလ်ဂျားက ဒရုန်းတွေ ဘယ်နေရာက ရောက်လာသလဲ ဆိုတာကို မသိကြောင်းနဲ့ အဲဒီ ဒရုန်းတွေကို ပစ်မချခဲ့ကြောင်း ပြောကြားသွားပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုတွေကိုတော့ ရဲနဲ့စစ်တပ် ပူးပေါင်း လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စကြောင့် ကာရပ်လေတပ်စခန်းနဲ့ ဆက်စပ်နေတဲ့ မစ်ဒ်ဂျေးလန်း လေယာဉ်ကွင်းရဲ့ ပြေးလမ်းတချို့ကို ယာယီ ပိတ်ခဲ့ရပေမယ့် အရပ်ဖက် ခရီးစဉ်တွေမှာ ကြီးကြီးမားမား အနှောင့်အယှက်တော့ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

ဒိန်းမတ်နဲ့ နော်ဝေး နိုင်ငံတွေမှာ အခုသီတင်းပတ် အစောပိုင်း ကတည်းက ဘယ်သူဘယ်ဝါ စေလွှတ်မှန်း မသိတဲ့ ဒရုန်းတွေ မကြာခဏ တွေ့ခဲ့ရတာကြောင့် လေဆိပ်တချို့ကိုပါ ပိတ်ခဲ့ရပါတယ်။ ဒါဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ပိုလန်နဲ့ ရိုမေးနီးယားတို့ရဲ့ လေပိုင်နက်တွေကို ရုရှား ဒရုန်းတွေ ကျူးကျော်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ကြုံလာရတဲ့ အခြေအနေပါ။

ဒိန်းမတ် ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ခ်ဆန်ကတော့ ဒိန်းမတ်ဟာ နှစ်မျိုးစပ် တိုက်ခိုက်မှု (hybrid attack) တစ်ခုကို ကြုံနေရတာလို့ ပြောကြားခဲ့ပါတယ်။ တစ်နည်းအားဖြင့် သမားရိုးကျ မဟုတ်တဲ့ နည်းလမ်းတွေနဲ့ နှောင့်ယှက်တာ ခံနေရတာမျိုးလို့ သူက ဆိုခဲ့ပါတယ်။ ပြီးတော့ ဒရုန်းတွေကို ဘယ်သူက လွှတ်တင်သလဲ ဆိုတာကိုလည်း မဖော်ထုတ်နိုင်သေးပါဘူး။

အစောပိုင်းမှာတော့ ဒိန်းမတ် ကာကွယ်ရေး ဝန်ကြီး ထရိုရဲလ်စ် လွန်ပေါလ်ဆင်က ဒီကိစ္စကို ကိုင်တွယ်နေသူတွေဟာ တကယ့် ကျွမ်းကျင် ပရော်ဖက်ရှင်နယ် အဆင့်တွေလို့ မှတ်ချက်ပေးခဲ့ပါတယ်။ တိတိကျကျ အထောက်အထားမျိုး မပြသနိုင်ပေမယ့် ဝန်ကြီးချုပ် ဖရက်ဒရစ်ခ်ဆန်ကတော့ နောက်ကွယ်က လက်သည်ဟာ ရုရှားပဲ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဥရောပရဲ့ လုံခြုံရေးကို နှောင့်ယှက် ထိပါးချင်နေတာက တစ်နိုင်ငံပဲရှိကြောင်း၊ အဲဒါက ရုရှားဖြစ်ကြောင်း သူက စွပ်စွဲခဲ့ပါတယ်။

ရုရှားဖက်ကတော့ ဒိန်းမတ်က စစ်စခန်းတွေနားမှာ ဒရုန်းတွေ တွေ့နေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်နိုင်ကြောင်း ထင်ကြေးတိုင်းကို ငြင်းဆန်ထားပါတယ်။ ဒိန်းမတ်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဒီလို စွပ်စွဲမှုတွေဟာ အသားလွတ် ရန်စမှုတွေလို့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

ဒိန်းမတ် တရားရေးဝန်ကြီး ပီတာ ဟမ်မယ်လ်ဂါ့ဒ်က အခုသီတင်းပတ်ထဲမှာ ကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်တွေဟာ ဥရောပ နိုင်ငံတွေကြားမှာ စိုးရိမ်မှု၊ သွေးကွဲမှုနဲ့ အထိတ်တလန့် အခြေအနေတွေကို ဖြန့်ဝေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုမျိုးလို့ ပြောကြားသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရန်လိုတိုက်ခိုက်လာတဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ကူဝိတ်စစ်တပ်က ကြေညာခဲ့ပါတယ်။