ဖိလစ်ပိုင် နိုင်ငံမှာ လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအား မဂ္ဂနီကျု ၆.၉ အဆင့် ငလျင်ကြီးကြောင့် အနည်းဆုံး လူ ၂၆ ဦး သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးတော့ အသေအပျောက် ဦးရေဟာ ဆက်တိုက် တိုးလာမယ့် အလားအလာတွေလည်း တွေ့နေရပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ ညပိုင်းက ငလျင်ဟာ ဖိလစ်ပိုင် အလယ်ပိုင်း၊ ဗီဆာယက်စ် ပြည်နယ်ရဲ့ ဆီဘူမြို့ အရှေ့မြောက်ဖက် ပင်လယ်ပြင်ကို ဗဟိုပြုခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ပြင်ကို ဗဟိုပြုတယ် ဆိုပေမယ့်လည်း ကျွန်းစုနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့ ကျွန်းတွေကပဲ ငလျင်ဗဟိုချက်ကို ပတ်ပတ်လည် ဝိုင်းနေတာကြောင့် မြေပြင်ပေါ်မှာ ထိခိုက်သက်ရောက်မှု ပမာဏ ပိုကျယ်ပြန့်ခဲ့ပါတယ်။
ငလျင် ဗဟိုချက်နားက ဆန်ရီမီဂျီယိုမြို့မှာ အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ကြောင်း မြို့တော်ဝန် အယ်လ်ဖီရေးနက်စ်က ပြောပါတယ်။ တခြားမြို့တွေမှာလည်း အသေအပျောက်တွေ များပြားခဲ့ပြီး လောလောဆယ် ၂၆ ဦးထိ သေဆုံးစာရင်း ရထားပါတယ်။ တချို့ ဒေသတွေက အဆက်အသွယ် ပြတ်တောက်နေတာကြောင့် ထိခိုက်သေဆုံးမှု စာရင်းတွေ အတိအကျ အတည်မပြုနိုင်သေးသလို ကယ်ဆယ်ရေးတွေက အပျက်အစီးတွေအောက် ပိတ်မိနေနိုင်သူတွေကို အပူတပြင်း ဖြန့်ကျက် ရှာဖွေနေပါတယ်။
ကနဦး ရရှိထားတဲ့ စာရင်းတွေအရ ဒဏ်ရာရသူ ၃၇ ဦး ရှိခဲ့ပြီး အိမ်တွေ၊ တံတားတွေနဲ့ တခြား အဆောက်အအုံ တချို့လည်း ပြိုကျခဲ့ပါတယ်။ ငလျင်တိုင်းတာရေး ဌာနတွေက ငလျင်ရဲ့ ဗဟိုချက်ဟာ အနက် ၁၀ ကီလိုမီတာလောက် ခပ်တိမ်တိမ်ကို ဗဟိုပြုခဲ့တယ်လို့ ပြောပါတယ်။ အနက်တိမ်တဲ့ ငလျင်တွေဟာ မြေမျက်နှာပြင်ပေါ်ကို ထိခိုက်သက်ရောက်မှု ပိုမိုပြင်းထန်စေလေ့ ရှိပါတယ်။ ငလျင်ကြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်တွေလည်း ဆက်တိုက်လှုပ်ခဲ့ပြီး အပြင်းဆုံး တစ်ခုက မဂ္ဂနီကျု ၆.၀ အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။

Public Service Announcement
ငလျင်ကြောင့် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ပင်လယ်ပြင် ရေစီးကြောင်း အပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်ပြီး ကမ်းခြေ ဧရိယာတွေမှာ မူမမှန်တဲ့ လှိုင်းလှုပ်ရှားမှုတွေကိုတော့ သတိထား စောင့်ကြည့်ဖို့ ဖိလစ်ပိုင် ငလျင်တိုင်းတာရေး အေဂျင်စီက တိုက်တွန်းခဲ့ပါတယ်။ ငလျင် ဗဟိုချက်နဲ့ နီးတဲ့ ဆီဘူမြို့ဟာ လူဦးရေ ၁ သန်းလောက် နေထိုင်ပါတယ်။
ညအချိန် ငလျင်လှုပ်ခဲ့တဲ့နောက် ဆီဘူနဲ့ ဒေသတွင်း မြို့တွေက ဒေသခံတွေဟာ အိမ်တွေထဲကနေ လမ်းမတွေဆီ ကမန်းကတမ်း ပြေးထွက်ခဲ့ကြပါတယ်။ အပန်းဖြေ ကမ်းခြေမြို့ တစ်ခုဖြစ်တဲ့ ဘန်တာယန်မှာလည်း ညအချိန် လမ်းတွေပေါ်မှာ လူတွေပြည့်သွားခဲ့ပြီး အထိတ်တလန့်တွေ ဖြစ်ခဲ့တာ တွေ့ရပါတယ်။
ဖိလစ်ပိုင်ဟာ တိုင်ဖွန်းမုန်တိုင်း နှစ်ခုဆက်တိုက် ဖြတ်သန်းဝင်ရောက်ပြီး လူဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ အခြေအနေအပြီး ရက်ပိုင်းအကြာမှာ ငလျင်နဲ့ပါ ထပ်ပြီး ကြုံလာရတာပါ။ ငလျင်ကတော့ ဒီနှစ်ထဲမှာ နိုင်ငံရဲ့ အသေအပျောက် အများဆုံး သဘာဝ ဘေးဆိုးလည်း ဖြစ်လာပါတယ်။
ဖိလစ်ပိုင်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုတွေ၊ မီးတောင်ပေါက်ကွဲမှုတွေနဲ့ မစိမ်းလှပါဘူး။ ဇန်နဝါရီလတုန်းကလည်း ဖိလစ်ပိုင်မှာ ငလျင်နှစ်ခု လှုပ်ခဲ့ပေမယ့် အသေအပျောက် မရှိခဲ့ပါဘူး။ ၂၀၂၃ တုန်းက မဂ္ဂနီကျု ၆.၇ အဆင့် ကမ်းလွန်ငလျင်တစ်ခု လှုပ်ခတ်ရာက ဖိလစ်ပိုင်မှာ ၈ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
ကိုးကား: BBC




















































