Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေရှားသတ္တု တင်ပို့မှုကို တရုတ်တင်းကျပ်ခဲ့တဲ့နောက် တရုတ်သွင်းကုန်တွေကို အခွန် ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်ဖို့ ထရမ့်ဆုံးဖြတ်

မြေရှား သတ္တု တင်ပို့မှုတွေကို တရုတ်က ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ စီစဉ်လာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း တရုတ်ဆီက တင်သွင်းလာမယ့် ကုန်စည်တွေကို တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်း အပိုဆောင်း စည်းကြပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

မြေရှား သတ္တု တင်ပို့မှုတွေကို တရုတ်က ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ စီစဉ်လာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း တရုတ်ဆီက တင်သွင်းလာမယ့် ကုန်စည်တွေကို တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်း အပိုဆောင်း စည်းကြပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကစလို့ တရုတ်ကနေ အမေရိကန်ဆီ တင်ပို့လာတဲ့ ကုန်စည် အားလုံးကို အခွန်စည်းကြပ်မှု ၁၀၀ ရာခိုင်နှုန်း တိုးမယ်လို့ ထရမ့်က အောက်တိုဘာ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တရုတ်ရဲ့ ကုန်စည်တွေဟာ အမေရိကန်ကို တင်ပို့ချိန်မှာ တန်ဖိုးရဲ့ ၁၃၀ ရာခိုင်နှုန်းထိ အခွန်ပေးဆောင်ရတော့မယ့် အခြေအနေ ဖြစ်လာပါတယ်။

နောက်ပြီး အမေရိကန်ကနေ တရုတ်ဆီ အရေးပါတဲ့ software နည်းပညာ တင်ပို့မှုတွေကိုလည်း အဲဒီနေ့ကစပြီး ကန့်သတ် တားမြစ်သွားဖို့ ထရမ့်က ဆုံးဖြတ်ခဲ့ပါတယ်။

ထရမ့်ရဲ့ အခွန်စည်းကြပ်မှု ကြေညာချက် အသစ်ဟာ ကမ္ဘာပေါ်မှာ စီးပွားရေး အင်အားအတောင့်တင်းဆုံး စူပါပါဝါ နိုင်ငံနှစ်ခုကြား ကုန်သွယ်ရေး အားပြိုင်မှုတွေ မြင့်တက်လာတာကို လျှော့ချဖို့ ခက်ခက်ခဲခဲ ညှိနှိုင်းထားရတဲ့ ပြေလည်မှုကို ပြိုပျက်သွားစေဖွယ် ရှိပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဖက်ကြားက သွင်းကုန်အခွန် စည်းကြပ်မှုတွေ အပြိုင်မြှင့်တင်ခဲ့တာကို ကန့်သတ်ဖြေလျှော့ထားဖို့ သဘောတူထားတဲ့ နောက်ဆုံး သတ်မှတ်ကာလ မတိုင်ခင် ၉ ရက် အလိုကတည်းက တရုတ်အပေါ် အခွန်စည်းကြပ်မှုတွေ စတင်တိုးမြှင့် ကောက်ယူမယ်လို့ ထရမ့်က ဆုံးဖြတ်ခဲ့တာပါ။

အစောပိုင်းက တောင်ကိုရီးယားမှာ သူနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဖို့ ညှိနှိုင်းထားတဲ့ ကိစ္စကလည်း အခုတော့ မရေရာတော့ဘူး ဆိုတာမျိုး ထရမ့်က သတိပေးခဲ့ပါတယ်။ သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ထရမ့်က လက်ရှိ အခြေအနေတွေ အရဆိုရင် သူနဲ့ရှီ တွေ့စရာ အကြောင်းလည်း မရှိဘူးလို့ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ သူက တွေ့ဆုံပွဲ ဖျက်မယ်လို့ အတိအလင်း မပြောဘဲ အဲဒီလို အခြေအနေ ဖြစ်လာနိုင်တာကိုတော့ တွေးထားရမယ်လို့ပဲ သတင်းထောက်တွေဆီ မှတ်ချက်ပေးခဲ့ပါတယ်။ တရုတ်ဖက်ကတော့ ထရမ့်နဲ့ရှီ တွေ့ဖြစ်ကြမယ် ဆိုတာကို ဘယ်တုန်းကမှ အတည်မပြုခဲ့ပါဘူး။

အမေရိကန်အတွက် အထူးအရေးတကြီး လိုအပ်တဲ့ ကုန်ကြမ်းတွေဖြစ်တဲ့ မြေရှားသတ္တုတွေ ပြည်ပ တင်ပို့ခွင့်ကို တရုတ်က ရုတ်တရက် တင်းကျပ်လိုက်တဲ့နောက် ထရမ့်ကလည်း တရုတ် ကုန်စည်တွေပေါ် အခွန်တိုးမယ့် ကြေညာချက်နဲ့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဟာ မြေရှားသတ္တုတွေ သန့်စင်ထုတ်လုပ်မှု ကမ္ဘာ့စျေးကွက်ရဲ့ ဝေစု အများအပြားကို ထိန်းချုပ်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

တရုတ်ရဲ့ ကန့်သတ်မှုဟာ အမေရိကန် တစ်နိုင်ငံတည်းကို ဦးတည်တာ မဟုတ်ပေမယ့် ဒီကိစ္စကြောင့် သူတော်တော် တုန်လှုပ်မိကြောင်း၊ တရုတ်ရဲ့ လုပ်ပုံကိုင်ပုံက ဆိုးလွန်းကြောင်း ထရမ့်က ဝေဖန်ခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ကြားက ကုန်သွယ်ရေး ပဋိပက္ခတွေဟာ ၆ လလောက် ငြိမ်နေခဲ့ရာက အခုတော့ တကျော့ပြန် တင်းမာလာမယ့် အရိပ်အယောင်တွေ မြင်လာရပါတယ်။ ထရမ့်က တရုတ်ဆီ လေယာဉ်နဲ့ လေယာဉ် အစိတ်အပိုင်းတွေ တင်ပို့ရောင်းချမှုကို ပိတ်ပင်တာမျိုးတွေအထိ စဉ်းစားထားတယ်လို့လည်း သူနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

တရုတ်ကတော့ အမေရိကန် အနေနဲ့ ကုန်သွယ်ရေး အခွန်အခတွေကို တစ်ဖက်သတ် ခြယ်လှယ် သတ်မှတ်တာမျိုး မလုပ်ဖို့ အစဉ်တစိုက် တောင်းဆိုထားသလို အဲဒီလုပ်ရပ်က ကမ္ဘာ့စီးပွားရေး ယန္တရား တစ်ခုလုံးကို ထိခိုက်စေကြောင်း ဝေဖန်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိန့်ခွန်းကို ဆိုလိုရင်းနဲ့ လွဲချော်အောင် တည်းဖြတ်ခဲ့တဲ့ ကိစ္စအတွက် BBC မီဒီယာ လုပ်ငန်းစုက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အတိအလင်း တောင်းပန်ခဲ့ပါတယ်။

သတင်း

အွန်လိုင်း​ငွေလိမ်လုပ်ငန်း (ကျားဖြန့်)မြို့တော်တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းမှာ အဓိက ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင် တရုတ်-ကမ္ဘောဒီးယား နိုင်ငံသား ရှီကျီကျန်းကို ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေက တရုတ်ဆီ ပြန်လွှဲပေးဖို့ စီစဉ်ထားပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတာ မကြာလှသေးတဲ့ တံတားတစ်စင်း ကျိုးပြီး မြစ်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။

နိုင်ငံတကာ

သူ့အပေါ် အထင်အမြင်လွဲမှုတွေ ဖြစ်စေခဲ့တဲ့အပေါ် မတောင်းပန်ဘူးဆိုရင် နစ်နာကြေး အလုံးအရင်း ရလိုမှုနဲ့ BBC သတင်းဌာနကို တရားစွဲဆိုသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။