ယီမင်နိုင်ငံ အခြေစိုက် ဟိုသီသူပုန်တွေဆီ ဒုံးကျည် အစိတ်အပိုင်းတွေ မှောင်ခို ပို့ဆောင်ခဲ့သူ တစ်ဦးကို အမေရိကန်မှာ ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်ပါတယ်။
အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဟိုသီတွေဟာ ယီမင်ရဲ့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကို ဆန့်ကျင်တိုက်ခိုက်ပြီး ကျယ်ပြန့်တဲ့ နယ်မြေတွေကို သိမ်းပိုက်ထားတဲ့ လက်နက်ကိုင် အင်အားစု ဖြစ်ပါတယ်။ အခု ထောင်ချခံလိုက်ရတဲ့ အမျိုးသားကတော့ အီရန်ကနေ ဟိုသီတွေဆီ ပေးပို့တဲ့ ဒုံးကျည် အစိတ်အပိုင်းတွေကို ငါးဖမ်းလှေပေါ်မှာ ဝှက်ပြီး မှောင်ခို ပို့ဆောင်ပေးနေခဲ့တာလို့ သိရပါတယ်။
အမေရိကန်ဟာ အာရေဗျ ပင်လယ်ထဲမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတုန်းက ဆင်နွှဲတဲ့ စစ်ဆင်ရေး တစ်ခုအတွင်းမှာ ပါကစ္စတန် နိုင်ငံသား မူဟမ်မက် ပါလာဝမ်ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ အမှားအယွင်းတချို့ ကြုံခဲ့ရာက အမေရိကန် ရေတပ်ရဲ့ အထူးကွန်မန်ဒို seal နှစ်ဦး ရေနစ် သေဆုံးခဲ့ပါတယ်။
ပါလာဝမ်ရဲ့ လှေလုပ်သားတွေကတော့ သူတို့ဟာ လက်နက်မှောင်ခို လုပ်ငန်းမှာ လှည့်စား အသုံးချ ခံခဲ့ရတယ်လို့ ထွက်ဆိုဖွယ်ရှိကြောင်း အစိုးရ ရှေ့နေတွေက ပြောပါတယ်။ ကနဦး စစ်ဆေးမှုမှာတော့ လှေလုပ်သား အားလုံးက သူတို့ဟာ ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်နေတာလို့သာ သဘောရိုးနဲ့ ယုံကြည်ထားကြောင်း ပြောကြားခဲ့ကြပါတယ်။

Public Service Announcement
ဟိုသီတွေဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေးကို ဒုံးကျည်တွေနဲ့ မကြာခဏ တိုက်ခိုက်လေ့ ရှိပါတယ်။ ပါလာဝမ်ရဲ့ လှေပေါ်ကနေ သိမ်းဆည်းရမိခဲ့တာတွေကတော့ အီရန်ရဲ့ တိုက်ချင်းပစ် ဒုံးကျည် အစိတ်အပိုင်းတွေလို့ ဆိုပါတယ်။ အီရန် အစိုးရဟာ ဟိုသီတွေကို လက်နက်ထောက်ပံ့ပေးနေကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုနေခဲ့ပါတယ်။
အခုအမှုကို လေ့လာကြည့်ရင် အီရန်ဟာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုကို အဆင့်အမြင့်ဆုံး စစ်လက်နက် စနစ်တွေ ထောက်ပံ့ပေးနေတယ်ဆိုတာ အထင်အရှား မြင်သာလာကြောင်း ဗာဂျီးနီးယားမှာ ပြုလုပ်ခဲ့တဲ့ တရားစီရင် စစ်ဆေးမှုမှာ အမေရိကန် ဖက်ဒရယ် အစိုးရ ရှေ့နေတွေက စွပ်စွဲသွားပါတယ်။
အသက် ၄၉ နှစ်အရွယ် ပါလာဝမ်ဟာ အောက်တိုဘာ ၁၆ ရက်နေ့မှာ နှစ်ရှည်ထောင်ဒဏ် စီရင်ချက် ချမှတ် ခံခဲ့ရတာပါ။ သူဟာ အကြမ်းဖက်မှု၊ အများအပြား သေကြေပျက်စီးနိုင်တဲ့ လက်နက်တွေ တရားမဝင် သယ်ယူမှုတွေ စွပ်စွဲချက်တွေအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ် ခံခဲ့ရပါတယ်။
သူ့ရဲ့ လှေလုပ်သား ၈ ယောက်ကတော့ လက်နက်မှောင်ခို ကိစ္စကို ဘာမှ မသိကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပြီး လှေထဲမှာ အထုပ်အကြီးကြီးတွေ ပါနေတာကို တွေ့ပေမယ့် ဘာတွေလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ကြောင်း ပြောပါတယ်။ တစ်ယောက်က သူဟာ ဒီအကြောင်း စပ်စုဖူးပေမယ့် ပါလာဝမ်က ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ဆူပူ မာန်မဲခဲ့ကြောင်း ထွက်ဆိုသွားပါတယ်။ တရားရုံးကတော့ အဲဒီ လှေလုပ်သားတွေနဲ့ ပတ်သက်လို့ စီရင်ချက် မချသေးပါဘူး။
ပါလာဝမ်ဟာ အီရန်နဲ့ ယီမင်ကြား မှောင်ခို ခရီးစဉ် တစ်ခေါက်အတွက် ဒေါ်လာ ၃၃၀၀၀ နီးပါးလောက် ရရှိတယ်လို့ အစိုးရ ရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။ ပါလာဝမ်ဟာ သူလုပ်နေတဲ့ အလုပ်က ထောင်နှုတ်ခမ်းဝပေါ် လမ်းလျှောက်နေမှန်း ကောင်းကောင်း သဘောပေါက်ထားပြီး ဇနီးဖြစ်သူဆီ ပေးပို့တဲ့ message တစ်စောင်မှာ သူ့ကိုယ်သူ သေလူလို့ သတ်မှတ်ထားကြောင်း ရေးသားထားခဲ့ဖူးပါတယ်။
အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့် တကျော့ပြန် အာဏာရလာပြီး ၂ ရက်အကြာမှာပဲ ဟိုသီတွေကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဟိုသီတွေဟာ အစ္စရေး နိုင်ငံ ပိုင်နက်ထဲကိုသာ မကဘဲ ယီမင်ကမ်းလွန်က ပင်လယ်နီနဲ့ အီဒန် ပင်လယ်ကွေ့မှာ ခုတ်မောင်းနေတဲ့ အရပ်ဖက် ကုန်တင်သင်္ဘောတွေကိုပါ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့်လည်း နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
ကိုးကား: BBC
















































