ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က ရဲတင်းလှတဲ့ ဖောက်ထွင်းမှုအတွင်း ဆုံးရှုံးခဲ့ရတဲ့ နန်းစဉ် ရတနာတွေရဲ့ တန်ကြေးဟာ ဒေါ်လာ သန်း ၁၀၀ ကျော်ထိ များပြားနိုင်ကြောင်း သိရပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့တုန်းက ပြင်သစ် တစ်နိုင်ငံလုံးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေမယ့် ဖောက်ထွင်းမှုတစ်ခုဟာ နိုင်ငံရဲ့ အထင်ရှားဆုံး ပြတိုက်ကြီး တစ်ခုဖြစ်တဲ့ လုဗ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဆောက်လုပ်ရေး အလုပ်သမားတွေအဖြစ် ဟန်ဆောင်ပြီး မျက်နှာဖုံးတွေ စွပ်ထားသူ ၄ ဦးဟာ ပြတိုက်ရဲ့ ဆိန်းမြစ်ဖက်ခြမ်း ကမ်းနားလမ်းရဲ့ အပေါ်ထပ် ပြတင်းပေါက်ဆီကို လှေကားတပ်ထားတဲ့ ထရပ်ကားတစ်စီး အသုံးပြုပြီး ချဉ်းကပ်ခဲ့ပါတယ်။ သူတို့ဟာ ပြတင်းပေါက်ကိုခွဲဝင်၊ အဲဒီနောက် နန်းစဉ်ရတနာ ၉ မျိုးကို လုယက်ပြီး မော်တော်ဆိုင်ကယ်တွေနဲ့ ထွက်ပြေး လွတ်မြောက်သွားကြပါတယ်။ ဖောက်ထွင်းမှု တစ်ခုလုံးဟာ ကြာချိန် ၇ မိနစ်လောက်အတွင်း ပြီးမြောက် အောင်မြင်သွားခဲ့တာလို့ သိရပါတယ်။
စုံထောက်တွေက အဲဒီ သူခိုးတွေဟာ ပရော်ဖက်ရှင်နယ်အဆင့် ထိပ်သီး ဖောက်ထွင်းဝိဇ္ဇာမျိုးတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ သူတို့တွေဟာ လက်နက်တွေ ကိုင်ဆောင်မလာပေမယ့် ဖောက်ထွင်းရေး လုပ်ငန်းသုံး အပေါ့စား ကိရိယာငယ်တွေကို အသုံးပြုပြီး လုံခြုံရေး ဝန်ထမ်းတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ သူတို့ဟာ လွှစက် အသေးစားလေးတွေ၊ သတ္တုတွေကို အရည်ဖျော်တဲ့ မီးမှုတ်စက်တွေကို သယ်ဆောင်လာကြပါတယ်။ ပြတိုက်ဖွင့်ကာစ အချိန်မှာ ဖြစ်ပွားတဲ့ အဲဒီ ဖောက်ထွင်းမှုမှာ နန်းစဉ် ရတနာ ၉ မျိုး ခိုးယူခံခဲ့ရပြီး အဲဒီထဲက သရဖူ တစ်ခုကိုတော့ သူခိုးတွေ ကျကျန်ခဲ့လို့ ပြန်ရခဲ့ပါတယ်။
ဆုံးရှုံးသွားတဲ့ နန်းစဉ်ရတနာ ၈ မျိုးရဲ့ တန်ဖိုးဟာ ယူရို ၈၈ သန်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၁၀၂ သန်းလောက်ထိ များပြားတယ်လို့ သိရပါတယ်။ ပါရီမြို့ရဲ့ ဧည့်သည် လာရောက်မှု အများဆုံး ပြတိုက်ကြီးဟာ အောက်တိုဘာ ၂၁ ရက်နေ့ထိ ပိတ်ထားဆဲလို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
ဒီဖြစ်ရပ်ဟာ သာမန် ဖောက်ထွင်းမှု တစ်ခုမဟုတ်ဘဲ ပြင်သစ်ရဲ့ ရှေးဟောင်း အမွေအနှစ်တွေကို ထိပါးမှု ဖြစ်ခဲ့သလို နိုင်ငံအတွက်လည်း သိက္ခာကျစရာ အခြေအနေလို့ ယူဆနိုင်တာကြောင့် ရဲတွေကတော့ တရားခံတွေကို အပူတပြင်း စုံစမ်းနေပါတယ်။
တခြားတစ်ဖက်မှာလည်း တရားခံတွေကို မိခဲ့ရင်တောင်မှ ခိုးရာပါ ပစ္စည်းတွေကို ဘယ်တော့မှ ပြန်မရနိုင်တော့တာမျိုး ကြုံကောင်း ကြုံလာနိုင်တယ်လို့ ပညာရှင် တချို့က သတိပေးထားပါတယ်။ နန်းစဉ်ရတနာတွေရဲ့ ကျောက်မျက်ရတနာတွေကို ဖြုတ်ယူ၊ ထုခွဲပြီး ငွေကြေးခဝါချလိုက်တာမျိုး အစီအစဉ်တွေကို ဖောက်ထွင်းရေးသမားတွေက ကြိုတင် ရေးဆွဲထားပြီးသား ဖြစ်နိုင်တယ်လို့ သူတို့က ထောက်ပြပါတယ်။
ပါရီ အစိုးရရှေ့နေ လော်ရီ ဘက်ကူအာက ဆုံးရှုံးမှုတန်ဖိုး ယူရို ၈၈ သန်း ဆိုတာဟာ ငွေကြေးသက်သက်ကိုပဲ ပြောတာဖြစ်ပြီး ပမာဏ အရမ်းများပြားကြောင်း၊ ဒါပေမဲ့ သူခိုးတွေကြောင့် ဖြစ်ပွားခဲ့တဲ့ သမိုင်းတန်ဖိုး ထိခိုက် ဆုံးရှုံးမှုတွေက ခိုင်းနှိုင်းပြစရာ မရှိလောက်အောင် ကြီးမားကြောင်း ပြောကြားခဲ့ပါတယ်။
ပါရီ ရဲတပ်ဖွဲ့ဟာ ဖောက်ထွင်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှာ အကျွမ်းကျင်ဆုံး ရဲအရာရှိတွေကို စုစည်းပြီး အထူးယူနစ်တစ်ခု ဖွဲ့စည်းထားသလို တရားခံတွေကို ဖော်ထုတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။
ခိုးယူခံရတဲ့ထဲမှာ ပြင်သစ်မင်းဆက်တွေ ပိုင်ဆိုင်ခဲ့ပြီး မြ၊ စိန်စတဲ့ ကျောက်မျက်ရတနာတွေ စီခြယ်ထားတဲ့ သရဖူ၊ ရင်ထိုး၊ လည်ဆွဲ၊ နားဆွဲ စတာတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
ကိုးကား: CNN

























































