အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဘယ်လို ချဉ်းကပ် ပြောဆို ကိုင်တွယ်သင့်သလဲ ဆိုတာကို ရုရှားဆီ လျှို့ဝှက် အကြံပေးခဲ့တဲ့ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်ကို ထုတ်ပယ်ဖို့ အောက်လွှတ်တော် အမတ်တချို့က တောင်းဆိုခဲ့ပါတယ်။
ပေါက်ကြားလာတဲ့ ဖုန်းပြောဆိုမှု အသံဖိုင် တစ်ခုမှာတော့ ရုရှား-ယူကရိန်း စစ်ပွဲရပ်စဲရေး အစီအမံတွေမှာ အဓိက ကြားဝင် စေ့စပ်ပေးဖို့ ထရမ့်က ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် ဝစ်ကော့ဖ်က ရုရှား သမ္မတ ဗလာဒီမာပူတင် ခန့်အပ်ထားတဲ့ နိုင်ငံခြားရေး မူဝါဒ အကြံပေး ထိပ်တန်းအရာရှိ ယူရီ အူရှာကော့ဗ်ကို အကြံဉာဏ်တွေ ပေးနေတာကို ကြားခဲ့ရပါတယ်။ Bloomberg သတင်းဌာနက ရရှိခဲ့တဲ့ အဲဒီ ပေါက်ကြားအသံဖိုင်မှာပါတဲ့ ဖုန်းခေါ်ဆိုမှုကို အောက်တိုဘာ ၁၄ ရက်နေ့က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဝစ်ကော့ဖ်ကို သစ္စာဖောက်လို့ စွပ်စွဲသူတွေ အပါအဝင် အောက်လွှတ်တော် အမတ်တချို့က သူ့ရဲ့ နုတ်ထွက်မှုကို တောင်းဆိုလာပေမယ့် အမတ်အများစုကတော့ အမေရိကန် အစိုးရ အရာရှိ တစ်ယောက်က အမေရိကန် ပြိုင်ဘက် နိုင်ငံကို လျှို့ဝှက် အကြံပေးခဲ့တဲ့ ကိစ္စအပေါ် အတိအလင်း မဝေဖန်ဘဲ အသံတိတ်နေကြဆဲပါ။
ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီဝင် အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ဒွန်ဘက်ကွန်က ဝစ်ကော့ဖ်ကို ချက်ချင်း ထုတ်ပစ်ဖို့လိုတယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။ ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်ပြီး ယူကရိန်း အချုပ်အခြာအာဏာ တည်မြဲမှုကို လိုလားတဲ့သူတိုင်း ဒီကိစ္စမှာ ဝစ်ကော့ဖ်က ရုရှားဖက်ကို မျက်နှာသာ ပေးချင်နေမှန်း သဘောပေါက်တယ်လို့ သူက ဆိုပါတယ်။

Public Service Announcement
နီဘရာစကာ ပြည်နယ်ကိုယ်စားပြု အမတ်တစ်ဦးဖြစ်တဲ့ ဘက်ကွန်က လက်ရှိ ညှိနှိုင်းဆွေးနွေးမှုတွေမှာ ဝစ်ကော့ဖ်ကို ယုံယုံကြည်ကြည် ဦးဆောင်ခွင့် ပေးလို့ မရတော့ကြောင်း၊ ရုရှားက ငွေပေးထားတဲ့ အေးဂျင့်တွေတောင်မှ သူ့လောက် လုပ်နိုင်ကိုင်နိုင် ရှိပါ့မလား မသေချာကြောင်း၊ ဝစ်ကော့ဖ်ကို ချက်ချင်း ထုတ်ပယ်ပစ်ဖို့လိုကြောင်း ဝေဖန်ခဲ့ပါတယ်။
ပယ်ဆယ်လ်ဗေးနီးယား ပြည်နယ် ကိုယ်စားပြု ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် ဘရိုင်ယန် ဖစ်ဇ်ပက်ထရစ်ကလည်း အခု အသံဖိုင် ပေါက်ကြားမှုဟာ ပြဿနာကြီး တစ်ခုလို့ မှတ်ချက်ပေးခဲ့ပြီး နောက်ကွယ်က ပုန်းလျှိုးကွယ်လျှိုး ဆွေးနွေးမှုတွေ ဘာကြောင့် ဆက်မလုပ်သင့်တော့ဘူးလဲ ဆိုတာကို မြင်သာသွားစေတဲ့ စိတ်အချဉ်ပေါက်စရာ ကိစ္စတစ်ခုလို့ မှတ်ချက်ပေးသွားပါတယ်။
ဒီမိုကရက်တစ်ပါတီရဲ့ အောက်လွှတ်တော် အမတ်ဖြစ်တဲ့ တက်ဒ်လျူကတော့ ဝစ်ကော့ဖ်ဟာ တကယ့် သစ္စာဖောက်တစ်ယောက်လို့ စွပ်စွဲခဲ့ပြီး သူက ဝစ်ကော့ဖ်ဟာ အမေရိကန်အတွက် အလုပ်လုပ်ပေးနေတာလို့ ယုံကြည်ခဲ့ပြီး ရုရှားအတွက် အလုပ်လုပ်နေတယ်လို့ မထင်ခဲ့မိကြောင်း အငေါ်တူးသွားပါတယ်။
ဖုန်းပြောဆိုမှုထဲမှာတော့ ဝစ်ကော့ဖ်က ဘယ်လို ငြိမ်းချမ်းရေး သဘောတူညီမှုမှာမဆို ရုရှားအနေနဲ့ ဒွန်းညက်စ်ခ်ဒေသ အပါအဝင် ယူကရိန်း နယ်မြေတွေကို ရရှိနိုင်ရေး တောင်းဆိုတာမျိုး ပါဝင်နိုင်ဖို့ ထောက်ပြထားခဲ့ပါတယ်။ နောက်တော့မှ အဲဒီအကြောင်းတွေကို ပြောဆိုနေဖို့ထက် လောလောဆယ်တော့ သဘောတူညီမှုတစ်ခု ထွက်ပေါ်လာဖို့ မျှော်လင့်ပြီး ဆက်ဆွေးနွေးရမှာဖြစ်ကြောင်း ဝစ်ကော့ဖ်က ပြောကြားခဲ့ပါတယ်။
သူက ထရမ့်နဲ့ ဆက်ဆံရာမှာ ပူတင်အနေနဲ့ ဘာတွေ သတိထားသင့်သလဲဆိုတဲ့ ကိစ္စတွေကိုလည်း အူရှာကော့ဗ်ဆီ အကြံပေးခဲ့ပါသေးတယ်။ အိမ်ဖြူတော်ဆီ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သွားရောက်မယ့် ခရီးစဉ် မတိုင်ခင် ပူတင်အနေနဲ့ ထရမ့်ဆီ ဖုန်းဆက်ပြီး ဆွေးနွေးသင့်တဲ့အကြောင်း ဝစ်ကော့ဖ်ကပဲ အကြံပေးခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့မှာတော့ အူရှာကော့ဗ်က အဲဒီ ပေါက်ကြားမှုဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို နှောင့်နှေးစေတာကြောင့် စိတ်ပျက်မိကြောင်း ရုရှား အစိုးရ ရုပ်မြင်သံကြား ဌာနဆီ မှတ်ချက်ပေးခဲ့ပါတယ်။ ဒီတော့ Bloomberg သတင်းဌာနက ရရှိခဲ့တဲ့ အသံဖိုင်ရဲ့ စစ်မှန်မှုကို ကာယကံရှင်ကိုယ်တိုင် အတည်ပြုတဲ့သဘော ဖြစ်လာပါတယ်။
ထရမ့်ကတော့ ပြဿနာကြုံနေတဲ့ သူ့လူ ဝစ်ကော့ဖ်ဖက်က ကာကွယ်ခဲ့ပြီး ဒါဟာ သဘောတူညီမှုတွေ ရယူဖို့ ညှိနှိုင်းရေးမှူးတွေ လုပ်ရတဲ့ ကိစ္စတွေဖြစ်ကြောင်း၊ တစ်ဖက်လူက ဘာလိုချင်သလဲ ဆိုတာကို နားလည်ပြီး လိုအပ်သလို နားသွင်း စည်းရုံးရတာတွေရှိကြောင်း မှတ်ချက်ပေးသွားပါတယ်။ ဝစ်ကော့ဖ် ပြောဆိုခဲ့တာတွေဟာ ဆွေးနွေးညှိနှိုင်းမှုတွေမှာ အခြေခံ အကျဆုံး လုပ်ထုံးလုပ်နည်းတွေပဲ ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။
ထရမ့်ရဲ့ အထူးမစ်ရှင်ရေးရာ ကိုယ်စားလှယ် ရစ်ချတ် ဂါနဲလ်ကတော့ တကယ်တမ်း အလုပ်ထုတ်ခံရသင့်သူဟာ ဝစ်ကော့ဖ် မဟုတ်ဘဲ အသံဖိုင်ကို စည်းမစောင့်ဘဲ ပေါက်ကြားစေခဲ့သူသာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ အမည်မသိ ပေါက်ကြားစေသူကို ရှာဖွေစုံစမ်းပြီးရင် ဘာဖြေရှင်းချက်မှ မပေးဘဲ ထုတ်ပစ်ရမှာဖြစ်ကြောင်း၊ သူဟာ အမျိုးသား လုံခြုံရေးအတွက် အန္တရာယ်ကြီး တစ်ခုဖြစ်ကြောင်းလည်း စွပ်စွဲသွားခဲ့ပါတယ်။
ကိုးကား: Guardian


















































