ပြည်သူ့ အစိုးရတစ်ရပ်ကို ပီပီပြင်ပြင် ဖွဲ့စည်းနိုင်ရေးအတွက် ပြည်သူလူထုဆီက ကြီးမားတဲ့ ထောက်ခံမှုကို လိုအပ်ကြောင်း ထိုင်းရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့ ပြည်သူ့ပါတီ (PP) အကြီးအကဲက ပြောကြားခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေးဝါဒီ အစုအဖွဲ့ တစ်ခုဖြစ်တဲ့ PPဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့တဲ့ ရှေ့သို့ချီ (MFP) ပါတီကို နာမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းထားတာပါ။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲမှာ PPဟာ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်မရခဲ့တာကြောင့် အစိုးရဖွဲ့ဖို့ ရုန်းကန်ခဲ့ရပြီး နောက်ပိုင်းမှာတော့ ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေနဲ့ ဒုတိယ မဲအများဆုံးရတဲ့ ဖျူထိုင်းပါတီ (PTP)တို့ ပူးပေါင်း အစိုးရ ဖွဲ့သွားပြီး MFPက အတိုက်အခံ ဖြစ်လာခဲ့ပါတယ်။
MFPကနေ PPအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီးတဲ့ နောက်မှာတော့ လက်ရှိ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူ ဦးဆောင်တဲ့ ဘွန်ဂျိုင်ထိုင်းပါတီကို ထောက်ခံရင်း ညွန့်ပေါင်း အစိုးရထဲမှာ ပါဝင်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ ညွန့်ပေါင်း အစိုးရ ပြိုကွဲသွားပြီး ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ခဲ့တဲ့နောက် PPက လွှတ်တော်အမတ်နေရာ အများအပြားနဲ့ အနိုင်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့ မဲဆွယ်မှုတွေမှာတော့ PPရဲ့ ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်လောင်း နတ်သာဖောင် ရူပန်ရာဝတ်က မဲဆန္ဒရှင်တွေ အနေနဲ့ ပါတီအတွက် ပြတ်သားတဲ့ ထောက်ခံမှုမျိုးနဲ့ အနိုင်ရအောင် ဝိုင်းဝန်း မဲပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Public Service Announcement
PPဟာ လွှတ်တော်ထဲမှာ ဒုတိယ မဲအများဆုံး ပါတီထက် အမတ်နေရာ ၃၀၊ ၄၀ လောက် အသာရနေဖို့ လိုအပ်ကြောင်း၊ ဒါမှသာ ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုတဲ့ ညွန့်ပေါင်းအစိုးရမျိုး အားကောင်းကောင်း ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်နိုင်မှာဖြစ်ကြောင်း နတ်သာဖောင်က ဘန်ကောက်မှာ ကျင်းပတဲ့ မဲဆွယ်ပွဲမှာ ပြောကြားခဲ့ပါတယ်။
သူက ထိုင်းရဲ့ မဲဆန္ဒရှင် ပြည်သူတွေဟာ အတိတ်က မူဝါဒတွေနဲ့ အနာဂတ်ကို မျှော်ကြည့်တဲ့ ချဉ်းကပ်မှုတွေကြား ရွေးချယ်ရတော့မယ်လို့ ပြောပါတယ်။ PPဟာ အနာဂတ် မျိုးဆက်သစ်တွေနဲ့ ကိုက်ညီမယ့် နိုင်ငံ တိုးတက်မှုမျိုးကို မျှော်လင့်ထားကြောင်း နတ်သာဖောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ရွေးကောက်ပွဲတုန်းက MFP ခေါင်းဆောင်အနေနဲ့ ထောက်ခံမဲ အများဆုံးရအောင် ပါတီကို ဦးဆောင်ခဲ့သူ ဖိထာ လင်ဂျာရွန်ရတ်ကလည်း လက်ရှိ PPရဲ့ မဲဆွယ်စည်းရုံး လှုပ်ရှားမှုတွေမှာ ပါဝင်ပေးနေပါတယ်။ သူက ပြိုင်ဘက်တွေ စုပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ရင်း ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒကို ဖျက်ဆီးပစ်တာမျိုး ဖြစ်မလာအောင် တားဖို့အတွက် PPဟာ ပြတ်သားတဲ့ အနိုင်ရလဒ်မျိုး လိုအပ်တယ်လို့ ပြောပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲမှာ မဲသွားမပေးဖို့ စဉ်းစားထားသူတွေ၊ ဘယ်ပါတီကို ရွေးမလဲဆိုတာ မဆုံးဖြတ်ရသေးသူတွေ၊ ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ်တွေကို PPအနေနဲ့ ပစ်မှတ်ထားသင့်ကြောင်း ဖိထာက ထောက်ပြခဲ့ပါတယ်။
ရွေးကောက်ပွဲတွေမှာ မဲလာမပေးဘဲ အိမ်မှာပဲ နေကြသူတွေ အများအပြား ရှိတတ်ပြီး အဲဒီပုဂ္ဂိုလ်တွေ အနေနဲ့ အားထည့်ပြီး မဲရုံတွေဆီ လာကြစေလိုတယ်လို့လည်း ဖိထာက တိုက်တွန်းခဲ့ပါတယ်။
နတ်သာဖောင်ရော၊ ဖိထာကပါ PPဟာ ထိုင်းနိုင်ငံရေးမှာ ဩဇာကြီးမားတဲ့ အစုအဖွဲ့ဖြစ်တဲ့ ထိုင်းစစ်တပ်ကို ဆန့်ကျင်နေတယ် ဆိုတာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့ပြီး ပိုပြီး ခေတ်မီတဲ့၊ ပရော်ဖက်ရှင်နယ်ဆန်ပြီး စစ်ဆင်ရေးစွမ်းရည် မြင့်မားတဲ့၊ လူ့အခွင့်အရေးကို လေးစားတဲ့၊ အဂတိ ကင်းစင်တဲ့ စစ်တပ်မျိုး ပေါ်ထွန်းလာရေးကို အမြဲတမ်း ထောက်ခံ အားပေးနေကြောင်း အခိုင်အမာ ဆိုပါတယ်။
ထိုင်းရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပြီး PPဟာ ထိပ်ဆုံးက ရေပန်းစားနေတဲ့ ပါတီလည်း ဖြစ်ပါတယ်။
ကိုးကား: Thai Enquirer




















































