တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး တလိုင်းလားမားရဲ့ ဂရမ်မီဆု ဆွတ်ခူးရရှိသွားမှုအပေါ် တရုတ်က ဒေါသထွက်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပခဲ့တဲ့ ဂရမ်မီ ဂီတ ဆုပေးပွဲမှာတော့ တလိုင်းလားမားရဲ့ ဇာတ်ကြောင်းပြော အသံသွင်းယူထားမှုဟာ အကောင်းဆုံး audio bookဆုကို ရရှိသွားခဲ့ပါတယ်။ တရုတ် အစိုးရဟာ တလိုင်းလားမားကို တိဘက်ဒေသ လွတ်မြောက်ရေး ဦးဆောင်လှုပ်ရှားနေတဲ့ ခွဲထွက်ရေး ဝါဒီတစ်ဦးအဖြစ် ရှုမြင်ထားပြီး အခုလို ဆုပေးခဲ့တာအပေါ် ဝေဖန် တုံ့ပြန်လာခဲ့ပါတယ်။
သက်တော် ၉၀ အရွယ် တိဘက် ဘုန်းတော်ကြီးဟာ အိန္ဒိယမှာ ခိုလှုံ နေထိုင်နေရပြီး သူ့ရဲ့ အသံထွက်စာအုပ် Meditations: The Reflections of His Holiness the Dalai Lamaအတွက် ဂရမ်မီဆု ရရှိခဲ့တာပါ။ တလိုင်းလားမားက အဲဒီဆုကို ကျေးဇူးတင်ပြီး နှိမ့်ချစွာနဲ့ လက်ခံပါကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
သူ့အနေနဲ့ ငြိမ်းချမ်းရေး၊ စိတ်ရင်းစေတနာ၊ သဘာဝ ပတ်ဝန်းကျင်ကို စောင့်ရှောက်မှု၊ လူသားဆန်မှုအပေါ် လေးစား နားလည်မှုတွေက ကမ္ဘာ့လူဦးရေ ၈ ဘီလီယံစလုံးရဲ့ ကောင်းကျိုးချမ်းသာအတွက် အရေးကြီးတဲ့ လိုအပ်ချက်တွေအဖြစ် အလေးအနက် ယုံကြည်ထားကြောင်း၊ ဂရမ်မီရဲ့ အသိအမှတ် ပြုမှုကြောင့် အဲဒီ သတင်းစကားကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလာနိုင်ဖို့ မျှော်လင့်ပါကြောင်း တလိုင်းလားမားက မိန့်ကြားခဲ့ပါတယ်။

Public Service Announcement
ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် လင်ကျန်းက ဂရမ်မီဆုကို တရုတ်ဆန့်ကျင်ရေး သဘောတရား ဖြန့်ဝေမှု ကိရိယာ တစ်ခုအသွင် အသုံးချခဲ့တာကို တရုတ် အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။ သူက ၁၄ ဆက်မြောက် တလိုင်းလားမား ဘုန်းတော်ကြီးဟာ ခွဲထွက်ရေးဝါဒစွဲ ဖြန့်ဝေမှုတွေအတွက် ဘာသာရေးကို တလွဲအသုံးချခဲ့တယ်လို့လည်း စွပ်စွဲသွားပါတယ်။
တိဘက်မှာ မအောင်မြင်ခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး လူထုအုံကြွမှုကြီး အပြီး ၁၉၅၉ ခုနှစ် ကတည်းက တလိုင်းလားမားဟာ အိန္ဒိယကို ထွက်ပြေး တိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ အကြမ်းမဖက် နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် တလိုင်းလားမားဟာ ၁၉၈၉ ခုနှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။
ကိုးကား: Kyodo News
ဓာတ်ပုံ – EPA

















































