အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတဲ့နောက် ဆော်ဒီအာရေးဘီးယားရဲ့ အကြီးဆုံး ရေနံချက် စက်ရုံကြီးကို ပိတ်ထားလိုက်ရကြောင်း သိရပါတယ်။
ဆော်ဒီရဲ့ ရေနံလုပ်ငန်းစုကြီး Aramcoက ပိုင်ဆိုင်ပြီး ရက်စ်တာနျူရာမှာ တည်ရှိတဲ့ ရေနံချက် စက်ရုံကြီးဟာ အီရန် ဒရုန်းတစ်စင်း ထိမှန်ရာက မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး စာရင်းဝင် ရေနံချက် စက်ရုံကြီးကနေ မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာကို လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက်လာတဲ့ ဗီဒီယိုတွေထဲမှာ တွေ့ခဲ့ရပါတယ်။
မတ်လ ၂ ရက်နေ့ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့တဲ့နောက်ပိုင်း Aramcoဟာ လုံခြုံဘေးကင်းရေးဆိုင်ရာ ပြန်လည် ဆန်းစစ်မှုတွေ လုပ်ဆောင်ဖို့ အဲဒီ ရေနံချက်စက်ရုံကို ပိတ်ထားလိုက်ကြောင်း သိရပါတယ်။
ဆော်ဒီ ကာကွယ်ရေး ဝန်ကြီးဌာနက ရေနံချက်စက်ရုံဆီ ဦးတည်ပျံသန်းလာတဲ့ ဒရုန်းနှစ်စီးကိုတော့ ပစ်ချနိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ရေနံချက်စက်ရုံ တိုက်ခိုက်ခံရမှုမှာ ထိခိုက်သေကြေမှု မရှိခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement
အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲ စတင်လာတဲ့နောက် အီရန်ကလည်း အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ်နိုင်ငံတွေရဲ့ စစ်ရေး ပစ်မှတ်တွေနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေ တိုက်ခိုက်ခံရတဲ့ အခြေအနေတွေ မြင့်တက်လာပါတယ်။
တိုက်ခိုက်ခံရတဲ့ အဆောက်အအုံဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ရေနံချက်လုပ် သန့်စင် စက်ရုံတစ်ခုဖြစ်ပြီး တစ်နေ့ကို ရေနံပမာဏ စည်ပေါင်း ၅၅၀၀၀၀ လောက် ထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။
Aramcoရဲ့ စက်ရုံ တိုက်ခိုက်ခံရမှု မတိုင်ခင် မတ်လ ၂ ရက်နေ့ အစောပိုင်းတုန်းကလည်း ကြားဖြတ်ပစ်ချ ခံခဲ့ရတဲ့ အီရန် ဒရုန်း အပျက်အစီးတွေဟာ ကူဝိတ်မှာရှိတဲ့ Ahmadi ရေနံချက်စက်ရုံကို ထိမှန်ခဲ့ပြီး ဝန်ထမ်း ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ကာတာအစိုးရကလည်း QatarEnergyပိုင် ရေနံချက် အဆောက်အအုံ တစ်ခုကို အီရန်ဒရုန်းနှစ်ခု ထိမှန်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု အခြေအနေကို ဆန်းစစ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အီရန်စစ်ပွဲကို အကြောင်းပြုပြီး ရေနံချက် စက်ရုံတွေ တိုက်ခိုက်ခံနေရတာရော၊ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အသက်သွေးကြော ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ချလိုက်တာကြောင့်ရော ကမ္ဘာတလွှားမှာ ရေနံနဲ့ လောင်စာဆီ စျေးတွေကလည်း မြင့်တက်လာပါတယ်။
မတ်လ ၂ ရက်နေ့ ညပိုင်းတုန်းက ကမ္ဘာ့ရေနံစိမ်း စျေးဟာ ၉ ရာခိုင်နှုန်း အထက်ကို ယာယီ မြင့်တက်သွားသလို အီရန်စစ်ပွဲက ၃ ရက် ကြာမြင့်လာတဲ့နောက် စတော့ရှယ်ယာ စျေးတွေလည်း ကျရိပ်ပြလာခဲ့ပါတယ်။ ဟောမုဇ် ရေလက်ကြား ပိတ်ခံရမှုကြောင့် မတ်လ ၂ ရက်နေ့မှာ ရေနံတစ်စည်စျေးဟာ ဒေါ်လာ ၇၀ အထက်မှာ ရှိနေတယ်လို့ နိုင်ငံတကာ စျေးနှုန်း စောင့်ကြည့်ဌာန Brent Crudeက ဆိုပါတယ်။
စစ်ပွဲကြာလာရင် ရေနံစျေးဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ အထက်ထိ မြင့်တက်သွားနိုင်ကြောင်း စျေးကွက် သုတေသီတွေက သုံးသပ်ထားပေမယ့်လည်း လက်ရှိ အခြေအနေမှာတော့ ကမ္ဘာ့စျေးကွက်ဟာ အထိတ်တလန့် အနေအထားမျိုး ဖြစ်မလာသေးကြောင်း ပြောပါတယ်။
လာမယ့်ရက်တွေအတွက် ရေနံစျေးနှုန်းကလည်း ဟောမုဇ် ရေလက်ကြား ဘယ်လောက်ကြာကြာ ပိတ်ထားဦးမလဲဆိုတဲ့ အခြေအနေမျိုးတွေအပေါ် မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာ့ရေနံ တင်ပို့မှု ငါးပုံတစ်ပုံလောက် ဖြတ်သန်းသွားတဲ့ အဲဒီ ရေလမ်းကြောင်းကို အီရန်က ပိတ်ထားပြီး ဖြတ်သန်းခုတ်မောင်းသမျှ ရေယာဉ် အားလုံးကို တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။ အီရန်စစ်ပွဲ စတင်ချိန် ကတည်းက ဟောမုဇ်နဲ့ အနီးတဝိုက် ရေပြင်တွေမှာ ရေနံတင် သင်္ဘော ၄ စီးထက်မနည်း တိုက်ခိုက်ခံခဲ့ရကြောင်းလည်း သိရပါတယ်။
ကိုးကား: New York Post
















































