ဂျပန်ကမ်းလွန်မှာ ကုန်တင်သင်္ဘောနဲ့ တိုက်မိရာက ငါးဖမ်းလှေတစ်စီး နစ်မြုပ်ခဲ့ပြီး ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
မတ်လ ၁၇ ရက် မနက်အစောပိုင်းတုန်းက ဂျပန်နိုင်ငံ အရှေ့မြောက်ဖက် ကမ်းလွန်ပင်လယ်ပြင်မှာ ရေယာဉ်နှစ်စီး တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ဂျပန် ကမ်းခြေစောင့်တပ်က တန်ချိန် ၇၅၀ လောက်ရှိတဲ့ ကုန်တင်သင်္ဘောနဲ့ တန်ချိန် ၁၄၀ ရှိတဲ့ ပိုက်ဆွဲ ငါးဖမ်းသင်္ဘောတို့ဟာ မီဆာဝါမြို့ရဲ့ ကမ်းလွန် ၂၀ ကီလိုမီတာလောက် အကွာမှာ တိုက်မိခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ရေယာဉ်ချင်း တိုက်မိကြတဲ့အချိန် ငါးဖမ်းသင်္ဘောပေါ် ပါလာသူ ၁၃ ဦးစလုံး ပင်လယ်ထဲ လွင့်စဉ်ကျသွားခဲ့တယ်လို့ NHK သတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။ နာရီတချို့ ကြာမြင့်ပြီးတဲ့အချိန်မှာ အားလုံးကို ပြန်ရှာတွေ့ပြီး ကယ်ဆယ်နိုင်ခဲ့ပေမယ့် ၄ ဦးကတော့ သတိကင်းလွတ်နေခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ အဲဒီ ၄ ဦး သေဆုံးသွားကြောင်း ကယ်ဆယ်ရေးတွေက အတည်ပြုခဲ့ပါတယ်။

Public Service Announcement
ဘယ်လိုအမှားအယွင်းမျိုး ကြုံတွေ့ခဲ့လို့ ရေယာဉ်ချင်း တိုက်မိခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အသက်ရှင် ကျန်ရစ်တဲ့ ငါးဖမ်းလှေ လုပ်သားတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေ မပါကြောင်း ကမ်းခြေစောင့်တပ်က ဆိုပါတယ်။
အစောပိုင်းမှာ ငါးဖမ်းလှေ လုပ်သား ၉ ဦးကိုသာ ရှာတွေ့ထားခဲ့ပေမယ့် မနက် အလင်းရောင် ပေါ်လာချိန်မှာ နောက်ထပ် ၄ ဦးကိုပါ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
ကုန်တင်သင်္ဘောပေါ်မှာတော့ လူတွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ မရှိခဲ့ပါဘူး။ လှေနှစ်စီး တိုက်မိခဲ့တဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး အခင်းဖြစ်ချိန်က အဲဒီဧရိယာ ရာသီဥတု ကြည်ကြည်လင်လင် ရှိနေခဲ့တယ်လို့ သိရပါတယ်။
ကိုးကား: Nippon

















































