အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ တိုက်ခိုက်မှုတွေဟာ နျူကလီးယား အဆောက်အအုံတွေကိုပါ ခြိမ်းခြောက်နေပြီး ကပ်ဘေးကြီး တစ်ခုနဲ့ နီးကပ်သွားစေနိုင်တဲ့အဆင့် ဖြစ်နေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးခဲ့ပါတယ်။

မတ်လ ၂၂ ရက်နေ့မှာ WHOရဲ့ အကြီးအကဲ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီးဆက်စ်က အီရန်နဲ့ အစ္စရေးမှာရှိတဲ့ နျူကလီးယား အဆောက်အအုံတွေ အနီးတဝိုက်မှာ စစ်မီးကူးစက်လာနေခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်ခြေတွေအပေါ် လူမှုကွန်ရက် မီဒီယာ Xမှာ အလေးအနက် သတိပေး ရေးသားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းက စစ်ပွဲဟာ ကပ်ဆိုက်သွားနိုင်တဲ့ အဆင့်မျိုးထိ ရောက်လာနေကြောင်း၊ နျူကလီးယား အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေဟာ လူထု ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ဘေးကင်းရေးတွေကို အကြီးအကျယ် ခြိမ်းခြောက်လာစေနိုင်ကြောင်း၊ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ အစုအဖွဲ့ အားလုံးဟာ နျူကလီးယားဆိုင်ရာ ပြဿနာ တစ်ခုခု ဖြစ်ပေါ်လာမယ့် လုပ်ရပ်တိုင်းကို ရှောင်ကြဉ်ပြီး စစ်ရေးအရ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့လိုကြောင်း သူက ဆိုပါတယ်။ နိုင်ငံခေါင်းဆောင်တွေ အနေနဲ့လည်း ပဋိပက္ခ အရှိန်လျော့ကျရေးနဲ့ အရပ်သား ပြည်သူတွေကို ကာကွယ်ရေးအတွက် အလေးထားဖို့လိုကြောင်း တက်ဒ်ရော့စ်က ထောက်ပြခဲ့ပါတယ်။
အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်က ပစ်ခတ်ခဲ့တဲ့ ပဲ့ထိန်းဒုံးကျည် တစ်စင်းဟာ မတ်လ ၂၁ ရက်နေ့တုန်းက အစ္စရေးရဲ့ ဒီမိုနာမြို့ထဲက လူနေ ဧရိယာ တစ်ခုမှာ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ဒီမိုနာဟာ အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးမှာ တစ်ခုတည်းသော နျူကလီးယား လက်နက်တိုက် တည်ရှိရာ မြို့လို့လည်း ယူဆခံထားရပါတယ်။ အစ္စရေးကတော့ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်နေပြီ ဆိုတာကို ဘယ်တုန်းကမှ တရားဝင် ဝန်မခံခဲ့သလို ဒီမိုနာမှာရှိတဲ့ နျူကလီးယား စခန်းဟာလည်း သုတေသန ရည်ရွယ်ချက် သက်သက်နဲ့ လည်ပတ်နေတာလို့ ပြောပါတယ်။

Public Service Announcement
အီရန်ကတော့ နန်တန်ဇ်မြို့မှာရှိတဲ့ နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံ တစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့လို့ ဒီမိုနာမြို့ကို တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။
အဲဒီ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်စဉ်တွေကို ကုလသမဂ္ဂရဲ့ နျူကလီးယားရေးရာ ဌာနဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA)က အလေးအနက်ထား စောင့်ကြည့်နေပြီး မူမမှန်တဲ့ ရေဒီယို သတ္တိကြွ ယိုစိမ့်မှု အထောက်အထား တစ်ခုခု မတွေ့ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း စစ်ပွဲ စတင်လာချိန် ကတည်းက WHOဟာ ဌာနရဲ့ ဝန်ထမ်းတွေနဲ့ နိုင်ငံပေါင်း ၁၃ ခုက ကုလသမဂ္ဂ ဝန်ထမ်းတွေကို နျူကလီးယား ဖြစ်ရပ်တစ်ခုခု ကြုံလာရင် လူထုကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေအတွက် ဘယ်လို ကိုင်တွယ် တုံ့ပြန်ရမလဲ ဆိုတာကို သင်တန်းပေးနေတယ်လို့လည်း တက်ဒ်ရော့စ်က ပြောကြားသွားပါတယ်။
ကိုးကား: AFP


















































