သူ့ရဲ့ မြောက်ကိုရီးယား ခရီးစဉ် အတောအတွင်း ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ အိမ်ရှင်နိုင်ငံ အစိုးရ ခေါင်းဆောင် ကင်မ်ဂျုံအွန်းကို ရိုင်ဖယ်သေနတ်တစ်လက် လက်ဆောင်ပေးခဲ့ပါတယ်။
အာဏာရှင်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံခေါင်းဆောင် နှစ်ဦးဟာ မတ်လ ၂၆ ရက်နေ့က နှစ်နိုင်ငံ ချစ်ကြည်ရေး စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသလို လူကာရှန်ကိုက ကင်မ်အတွက် သေနတ် လက်ဆောင်ပေးခဲ့တာလို့ ဘီလားရုစ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍပေါင်းစုံမှာ အရှိန်မြှင့်ဖို့၊ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကို တွန်းလှန်ကြဖို့ ဆွေးနွေးခဲ့ကြောင်း ဘီလားရုစ် အစိုးရပိုင် Belta သတင်းဌာနက ဆိုပါတယ်။
ပြီးတော့ ရန်သူတွေ အချိန်မရွေး ရောက်လာနိုင်တာကို စဉ်းစားပြီး လိုရမယ်ရသဘောနဲ့ ယူလာတဲ့ သေနတ်ကို လက်ဆောင်ပေးချင်ကြောင်း လူကာရှန်ကိုက အရွှန်းဖောက်ရင်း အဲဒီသေနတ်ကို ကင်မ်ဆီ ပေးအပ်ခဲ့တာလို့ သိရပါတယ်။ အဲဒီသေနတ်ဟာ ဘီလားရုစ်မှာ ထုတ်လုပ်တဲ့ VKS ရိုင်ဖယ် အမျိုးအစား ဖြစ်ပါတယ်။

Public Service Announcement
အပြန်အလှန်အဖြစ် ကင်မ်ကလည်း ဓားရှည်တစ်ချောင်း၊ လူကာရှန်ကိုရဲ့ ပုံတူကို ခြယ်သထားတဲ့ ပန်းအိုးတစ်လုံးတို့ကို လက်ဆောင်ပြန်ပေးခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ ဘီလားရုစ်ကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုတွေဟာ စိုက်ပျိုးရေး၊ သတင်းအချက်အလက်နဲ့ ပြည်သူ့ကျန်းမာရေးစတဲ့ ကဏ္ဍပေါင်းစုံကို ခြုံငုံပါဝင်စေခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ ဘီလားရုစ်တို့ဟာ အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ကြုံနေကြရပါတယ်။ ပြီးတော့ နှစ်နိုင်ငံစလုံးဟာ ရုရှားနဲ့ မဟာမိတ် ဆက်ဆံရေးမျိုး ထူထောင်ထားကြပါတယ်။ ဘီလားရုစ်ဟာ ယူကရိန်း ကျူးကျော်စစ်အတွက် ရုရှားတပ်တွေ ဖြန့်ကျက်နိုင်အောင် အကူအညီ ပေးခဲ့သလို မြောက်ကိုရီးယားကလည်း စစ်ပွဲမှာ ရုရှားဖက်က ပါဝင်ကူညီ တိုက်ခိုက်ဖို့ စစ်တပ်တွေ စေလွှတ်ပေးထားပါတယ်။


















































