ယီမင် အခြေစိုက် ဟိုသီ ပြောက်ကျား တပ်ဖွဲ့တွေက အစ္စရေးကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာတဲ့နောက် အရှေ့အလယ်ပိုင်း ဒေသက စစ်ရေး အခြေအနေတွေ ပိုမို ရှုပ်ထွေးလာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။
မတ်လ ၂၈ ရက်နေ့ကစလို့ အီရန်ရဲ့ မဟာမိတ် ဟိုသီတွေဟာ အစ္စရေး ပိုင်နက်ထဲကို ဒုံးကျည်တွေနဲ့ နှစ်ကြိမ်တိုင် ပစ်ခတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်နေတဲ့ စစ်ပွဲ တစ်လနီးပါး အကြာမှာ ဟိုသီတွေကပါ ဝင်ပါလာတဲ့ သဘောပါပဲ။
ဟိုသီတွေက အစ္စရေး တောင်ပိုင်းမှာ တည်ရှိပြီး အစ္စရေးအတွက် အရေးကြီးတဲ့ စစ်ရေးပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အစ္စရေး စစ်တပ်ကတော့ ယီမင်ဖက်ကနေ ပျံသန်းလာတဲ့ ဒုံးကျည် တစ်စင်းကို ပစ်ချခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
ဟိုသီတွေ စစ်ထဲပါလာတာနဲ့ ပတ်သက်ပြီး သဘောထားမှတ်ချက် တောင်းခံတဲ့အခါ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် အက်ဖီဒါဖရင်က အစ္စရေးဟာ စစ်မျက်နှာတွေ အများကြီး ဖွင့်ရမယ့် စစ်ပွဲအတွက် ကြိုပြင်ပြီးသားလို့ တုံ့ပြန်ခဲ့ပါတယ်။ အစ္စရေးဟာ လောလောဆယ် အီရန်ကို တိုက်ခိုက်နေသလို လက်ဘနွန် ပိုင်နက်ထဲမှာလည်း အီရန်မဟာမိတ်ဖြစ်တဲ့ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့နဲ့ စစ်ခင်းနေပါတယ်။

Public Service Announcement
မတ်လ ၂၉ ရက်နေ့ အစောပိုင်းမှာတော့ ဟိုသီတွေက အစ္စရေးတောင်ပိုင်းမှာရှိတဲ့ အစ္စရေး စစ်စခန်းတွေကို ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး ဒုတိယအကြိမ် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဟိုသီတွေဟာ ခုခံရေး ဝင်ရိုးတန်းလို့ခေါ်တဲ့ အီရန်ဦးဆောင်တဲ့ မဟာမိတ် စစ်ရေးအစုအဖွဲ့မှာ ပါဝင်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ ဟစ်ဇ်ဘိုလာ၊ ဟားမားစ်တို့အပြင် အရှေ့အလယ်ပိုင်း ဒေသတွင်းက အီရန်လိုလားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ချိတ်ဆက်ထားပါတယ်။ ဟိုသီတွေဟာ မြို့တော် ဆာနား အပါအဝင် ယီမင်နိုင်ငံရဲ့ အစိတ်အပိုင်း အများစုကို ထိန်းချုပ်ထားပြီး နိုင်ငံတကာ အသိအမှတ်ပြု ယီမင် အစိုးရနဲ့ ပြည်တွင်းစစ် ဆင်နွှဲနေပါတယ်။
ဟိုသီတွေဟာ နိုင်ငံအနောက်ဖက်မှာရှိတဲ့ ပင်လယ်နီကို ဖြတ်သန်းခုတ်မောင်းတဲ့ သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိခဲ့ဖူးပြီး အခုတစ်ဖန် အဲဒီလို တိုက်ခိုက်မှုတွေ ပြန်စလာမှာကိုလည်း စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ဟိုသီတွေကပါ အရပ်ဖက် သင်္ဘောတွေကို တိုက်ခိုက်လာမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသရဲ့ ပင်လယ်ရေကြောင်း သွားလာရေး လုံခြုံမှု အခြေအနေတွေက ဆိုးသထက် ဆိုးလာတော့မယ့် သဘောပါ။ လောလောဆယ် ဟောမုဇ် ရေလက်ကြားကိုလည်း အီရန်က ပိတ်ဆို့ထားပြီး ရန်သူနိုင်ငံက စေလွှတ်တယ်လို့ ယူဆတဲ့ သင်္ဘောမှန်သမျှကို တိုက်ခိုက် နှစ်မြှုပ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဟိုသီတွေက အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ဖို့အတွက် ပင်လယ်နီ ရေပြင်ကို အသုံးချတာမျိုး လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဟိုသီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် ယာဟ်ရာ ဆာရီက ဟိုသီတပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေရဲ့ မောင်းခလုတ်ပေါ် လက်ညှိုးတင်ပြီး အသင့်ပြင်ထားပြီးသားလို့ ဆိုပါတယ်။
အီရန်မှာ စစ်ပွဲ စတင်ခဲ့တဲ့နောက် လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာနဲ့ အီရတ်မှာ အခြေစိုက်တဲ့ အီရန်မဟာမိတ် တပ်တွေက အစ္စရေးနဲ့ အမေရိကန် ပစ်မှတ်တွေကို ချက်ချင်း စတင်တိုက်ခိုက်ခဲ့ပေမယ့် ဟိုသီတွေကတော့ တစ်လလောက် ကြာပြီးမှသာ စစ်ပွဲထဲ ပါဝင်လာခဲ့တာပါ။ အဲဒီလို နှောင့်နှေးနေတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ကိုးကား: AP





















































