အီရန်ဟာ ကလေးစစ်သားတွေကို အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

တဟီရန်မြို့တော်မှာ ဖခင်ဖြစ်သူနဲ့အတူ လုံခြုံရေးဂိတ် တစ်ခုကို စောင့်ကြပ်ပေးနေတဲ့ အသက် ၁၁ နှစ်အရွယ် အီရန် ကလေးငယ်တစ်ဦးဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့နောက် အီရန်က ကလေးတွေကိုပါ စစ်မှုထမ်းဖို့ အသုံးချနေတယ်ဆိုတဲ့ ကိစ္စအပေါ် အာရုံစိုက်မှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
အီရန်ဟာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို လုံခြုံရေး စောင့်ကြပ်စေတဲ့ တာဝန်မျိုးတွေအတွက် အသုံးပြုနေကြောင်း သတင်းတွေ ထွက်ပေါ်နေသလို မျက်မြင်သက်သေ ထွက်ချက်တွေလည်း ရှိနေကြောင်း သိရပါတယ်။
အလီရာဇာ ဂျာဖာရီဟာ ဖခင်နဲ့အတူ ဘာဆက်ဂျ် စေတနာ့ဝန်ထမ်း ပြည်သူ့စစ်အဖွဲ့မှာ ပါဝင်ခဲ့ကြပြီး မတ်လ ၁၁ ရက်နေ့မှာ သေဆုံးခဲ့တာလို့ ဂျာဖာရီရဲ့ မိခင် ဆာဒက်ဖ် မွန်ဖာရက်ဒ်က ပြောကြားခဲ့ပါတယ်။ ဘာဆက်ဂျ်ဟာ အီရန်အစိုးရကို လိုလားပြီး ကင်းလှည့်မှုနဲ့ လုံခြုံရေး စောင့်ကြပ်ပေးမှုတွေကို အဓိက တာဝန်ယူလေ့ရှိတဲ့ စစ်ရေးယူနစ် တစ်ခုပါ။

Public Service Announcement
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) အရာရှိ တစ်ဦးက IRGCဟာ အသက် ၁၂ နှစ်နဲ့အထက် အရွယ်တွေ ဆန္ဒအလျောက် စစ်မှုထမ်းချင်ရင် ခွင့်ပြုသွားမယ်လို့ အစိုးရနဲ့ တစ်စိတ်တစ်ပိုင်း ဆက်နွှယ်တဲ့ Fars သတင်းဌာနဆီကို ပြောကြားခဲ့ပါတယ်။
ပြီးတော့ တဟီရန်နဲ့ တခြားမြို့ကြီးတွေမှာလည်း လုံခြုံရေး တာဝန်ယူထားတဲ့ ကလေးတွေကို တွေ့ခဲ့ဖူးကြောင်း မျက်မြင်တွေက BBC သတင်းဌာနကို အသိပေးခဲ့ပါတယ်။ တချို့ကလေးတွေက လက်နက်ပါ ကိုင်ထားတယ်လို့ ဆိုပါတယ်။
အလီရာဇာရဲ့ သေဆုံးမှု အကြောင်းကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း မီးမောင်းထိုး ဖော်ပြခဲ့ကြပါတယ်။ ကာ့ဒ်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Hengawက အလီရာဇာဟာ ၅ တန်းကျောင်းသား တစ်ဦးဖြစ်ကြောင်း၊ တဟီရန်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို စောင့်ကြပ်ရင်း သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
မွန်ဖာရက်ဒ်က အဲဒီဂိတ်မှာ စောင့်ကြပ်မယ့်သူ အရမ်းနည်းနေလို့ သွားကူညီရမယ်လို့ သူ့ခင်ပွန်းက ပြောခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဂိတ်မှာ လူ ၄ ယောက်ပဲ ရှိတော့လို့ သွားရောက် အားဖြည့်ပေးဖို့ လိုကြောင်း၊ ကြုံလာမယ့် အခြေအနေတွေအတွက် အသင့်ဖြစ်နေစေဖို့ အလီရာဇာကိုလည်း ခေါ်သွားမယ့်အကြောင်း ခင်ပွန်းသည်က ပြောဆိုခဲ့တယ်လို့ အမျိုးသမီးက ပြောပြခဲ့ပါတယ်။
အလီရာဇာ ကိုယ်တိုင်ကလည်း ဒီကိစ္စကို လိုလိုလားလား ရှိခဲ့ပြီး စစ်ပွဲမှာ နိုင်မလား၊ သူတို့တွေ အာဇာနည်တွေအဖြစ် အသက်ပေးရမလား ဆိုတာကတော့ ဘုရားသခင်ရဲ့ အလိုတော်ပဲ ဖြစ်ကြောင်းနဲ့ သူကတော့ အာဇာနည်တစ်ဦး ဖြစ်ချင်ကြောင်း မိခင်ကို ပြောသွားခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်၊ အစ္စရေးတို့နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကာလအတွင်း အီရန်အစိုးရက အင်တာနက် ဖြတ်တောက်မှုတွေ လုပ်ထားပေမယ့် BBCဟာ ပြည်တွင်းမှာ ရှိနေပြီး ကလေးစစ်သားတွေကို မျက်မြင်တွေ့ခဲ့သူ ၄ ဦးကို ဆက်သွယ်ပြီး အတည်ပြုချက်တွေ ရယူနိုင်ခဲ့ပါတယ်။ သူတို့တွေက ကလေးစစ်သားတွေကို တဟီရန်၊ ကာရက်ဂျ်နဲ့ ရက်ရှ်ထ်မြို့တွေမှာ တွေ့ရှိခဲ့ကြောင်း အသီးသီး ပြောပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)ကတော့ အသက် ၁၅ နှစ်အောက် ကလေးတွေကို လက်နက်ကိုင် ပဋိပက္ခတွေထဲမှာ အသုံးချခြင်းဟာ ဆိုးရွားလှတဲ့ စစ်ရာဇဝတ်မှုနဲ့ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုမျိုး ဖြစ်တယ်လို့ စွပ်စွဲ ပြောကြားထားပါတယ်။
ကလေးသူငယ်များအား လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်ပတ်သက်မှုမှ တားဆီး ကာကွယ်ရေး နောက်ဆက်တွဲ သဘောတူစာချုပ် (OPAC)အရ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အရွယ်တွေကို နိုင်ငံအစိုးရ အသီးသီးရဲ့ လက်နက်ကိုင် တပ်တွေက ဖိအားပေးပြီး စစ်မှုထမ်းစေတာမျိုးကို တားမြစ်ထားပါတယ်။ အလားတူ အစိုးရ မဟုတ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့လည်း အသက် ၁၈ နှစ်အောက် အရွယ်တွေကို ဘယ်လို အခြေအနေမှာမှ လူသစ်စုဆောင်းတာ၊ စစ်မှုထမ်းစေတာမျိုး မလုပ်ဆောင်ဖို့ OPACက တားမြစ်ထားကြောင်း သိရပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Reuters, Getty


















































