ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ပြည်တွင်းမှာ လိုင်စင်ယူပြီး ထုတ်လုပ် ပြသဖို့ ကိစ္စမှာ လိုင်စင်ကြေး အရမ်းများနေတဲ့ကြောင့် ထိုင်းနိုင်ငံ အနေနဲ့ တိကျတဲ့ ဆုံးဖြတ်ချက် မချနိုင်သေးဘဲ ဖြစ်နေကြောင်း သိရပါတယ်။
ထိုင်းရဲ့ အမျိုးသား ရုပ်သံထုတ်လွှင့်မှုနဲ့ ဆက်သွယ်ရေး ကော်မရှင် (NBTC)ရုံး အရာရှိတွေက မကြာခင် ကျင်းပတော့မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရုပ်သံထုတ်လွှင့်ခွင့်ဆိုင်ရာ အပြီးသတ် ဆုံးဖြတ်ချက် မချရသေးကြောင်း ဝန်ခံခဲ့ပါတယ်။ အဓိက အကြောင်းရင်းကတော့ ပေးချေရမယ့် လိုင်စင်ကြေးက အရမ်းများပြားနေပြီး ကြည့်ရှုသူတွေဆီကနေ အဲဒီ ငွေကြေးနဲ့ ကာမိတဲ့ ပမာဏမျိုး ပြန်ရနိုင် မရနိုင် မသေချာသေးတာကြောင့် ဖြစ်ပါတယ်။
NBTCရဲ့ အဆိုအရ ရုပ်သံထုတ်လွှင့်မှု မူပိုင်ခွင့်ကို ကိုင်ထားသူတွေဖက်က တောင်းဆိုတဲ့ ငွေပမာဏ အရမ်းများနေလို့ ဖြစ်ပါတယ်။ NBTC အနေနဲ့ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားတုန်းကလိုပဲ ရုပ်သံ ထုတ်လွှင့်ခွင့် လိုင်စင်ကြေးကို ဘတ်သန်း ၆၀၀ ဝန်းကျင်နဲ့ ညှိနှိုင်းဝယ်ယူနိုင်ဖို့ မျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အနိမ့်ဆုံး ဘတ် သန်း ၁၃၀၀ လောက် ကုန်ကျဖို့ ရှိနေပြီး လျာထားဘတ်ဂျတ်ထက် နှစ်ဆကျော်နေတယ်လို့ ဆိုပါတယ်။
NBTCရဲ့ အရာရှိတွေကတော့ ကမ္ဘာ့ဖလားကို ဘောလုံးပရိသတ် အများအပြားက တိုက်ရိုက်ကြည့်ရှုလိုတယ် ဆိုတာကို နားလည်ပေမယ့် တစ်လလောက်ပဲ ကြာမြင့်မယ့် ပြိုင်ပွဲအတွက် အဲဒီလောက် ငွေကြေး အလုံးအရင်း ရင်းနှီးမြှုပ်နှံဖို့က မှန်ကန်တဲ့ ရွေးချယ်မှုလားဆိုတာ ပြန်လည် သုံးသပ်သင့်ကြောင်း ပြောပါတယ်။

Public Service Announcement
NBTCအတွက် အထူးအလေးထား စဉ်းစားရမယ့် နောက်ထပ် အခြေအနေ တစ်ခုကတော့ ဘောလုံးပွဲတွေ ယှဉ်ပြိုင် ကစားကြမယ့် အချိန်ပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က အိမ်ရှင်အဖြစ် လက်ခံပြီး ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။ စံတော်ချိန် ကွာဟချက် အခြေအနေအရ ပွဲစဉ် တော်တော်များများဟာ ထိုင်းစံတော်ချိန် မနက် ၃ နာရီလောက်မှာ စတင်ကစားကြမှာပါ။ တချို့ပွဲစဉ်တွေကလည်း မနက် ၁၀ နာရီ ဝန်းကျင်မှာ ပွဲပြီးပါလိမ့်မယ်။
ဒီတော့ လူအများ အိပ်မောကျနေတဲ့ အချိန်မျိုး ဖြစ်နေတာ၊ ဒါမှမဟုတ် အလုပ်ခွင် ရောက်နေတဲ့ အချိန်မျိုး ဖြစ်နေတာတွေ ကြုံရမယ့် သဘောပါပဲ။ အကျိုးဆက် အနေနဲ့ ကြည့်ရှုသူ အရေအတွက် လျော့ကျသွားနိုင်ပြီး ကြော်ငြာကြေးတွေလည်း အရနည်းသွားနိုင်ကြောင်း NBTCက တွက်ဆထားပါတယ်။ ဘောလုံးပွဲတွေ ပြသပြီး ဖောက်သည်တွေကို ဆွဲဆောင်တဲ့ စားသောက်ဆိုင်တွေ၊ ဘီယာဘားတွေနဲ့ တခြား ဖျော်ဖြေရေး နေရာတွေမှာလည်း ပြသချိန်အရ ပြဿနာ ရှိလာနိုင်ပါတယ်။
ပြီးတော့ လက်ရှိ အချိန်ထိလည်း NBTCနဲ့ ပူးပေါင်းပြီး လိုင်စင်ကြေးအတွက် မျှဝေကျခံပေးဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေက အားတက်သရော စုံစမ်းမေးမြန်းတာတွေလည်း မရှိသေးဘူးလို့ ဆိုပါတယ်။ ရရှိလာမယ့် ကြော်ငြာခက ရင်းနှီးမြှုပ်နှံမှု စရိတ်ကို ကာမိနိုင်ခြေ နည်းလွန်းတာကြောင့်လည်း အခုလို တွန့်ဆုတ်နေကြတာ ဖြစ်ပါတယ်။
အစောပိုင်းတုန်းက ထိုင်းအစိုးရ အဖွဲ့ဟာ ပြည်သူ့ဆက်ဆံရေး ဝန်ကြီးဌာန အနေနဲ့ NBTC၊ တခြားအေဂျင်စီတွေနဲ့ ပူးပေါင်းပြီး ပြည်တွင်းမှာ ကမ္ဘာ့ဖလား ထုတ်လွှင့်မှု ဖြစ်နိုင်ခြေ ရှိလာရေး ကြိုးစားဆောင်ရွက်ဖို့ တိုက်တွန်းထားဖူးပါတယ်။ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက အစိုးရဟာ ထိုင်းပြည်သူတွေ ကမ္ဘာ့ဖလားကို အခမဲ့ ကြည့်ရှုခွင့်ရအောင် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိ အဲဒီကိစ္စ အကောင်အထည် ဖော်နိုင်ဖို့ ဘတ်ဂျတ် ခွင့်ပြုချက် တစ်ခုခု ကျမလာသေးဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
လူဦးရေ များပြားတဲ့ နိုင်ငံကြီးတွေမှာ ကြည့်ရှုသူ အချိုးအစားကလည်း မြင့်တက်လာတာကြောင့် ထုတ်လွှင့်ခ လိုင်စင်ကြေး အများအပြားကို ပေးနိုင်ပေမယ့် ထိုင်းလို လူဦးရေနည်းတဲ့ နိုင်ငံအတွက်တော့ တစ်ဦးချင်း ပြသမှု ကုန်ကျစရိတ်ဟာ အရေးတကြီး ထည့်တွက်ရမယ့် ညွှန်ကိန်းမျိုး ဖြစ်နေပါတယ်။
ကမ္ဘာ့ဖလား စတင်ဖို့ တစ်လတောင် မလိုတော့တဲ့ အချိန်ထိ အစိုးရဆီက အခုကိစ္စအတွက် အဖြေတစ်ခုခု ထွက်ပေါ်မလာသေးဘဲ ကုန်ကျစရိတ်၊ ငွေကြေး အထောက်အပံ့ ဖြစ်နိုင်ခြေတွေနဲ့ လူထုအတွက် ဘယ်လောက် အကျိုးရှိမလဲ ဆိုတာတွေကို ရှုထောင့်ပေါင်းစုံက ဆက်လက် ဆန်းစစ်နေဆဲလို့ သိရပါတယ်။
ကိုးကား: Nation
















































