Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဓားထိုးခံထားရတဲ့ လူငယ်ကို ရဲတွေက လက်ထိတ်ခတ်ခဲ့တဲ့ ဖြစ်စဉ်အတွက် မိသားစုကို ဗြိတိန် ရဲတပ်ဖွဲ့ တောင်းပန်

ဓားထိုးခံထားရတာကို ကူညီကယ်ဆယ်မယ့်အစား ရဲတပ်ဖွဲ့ရဲ့ လက်ထိတ်ခတ် ဖမ်းဆီးခံရမှုကြောင့် သေဆုံးခဲ့တဲ့ လူငယ်နဲ့ ပတ်သက်ပြီး ဗြိတိန်ရဲ့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲက ကျန်ရစ်သူ မိသားစုဆီ တောင်းပန်ခဲ့ပါတယ်။

ဓာတ်ပုံ - AFP

ဓားထိုးခံထားရတာကို ကူညီကယ်ဆယ်မယ့်အစား ရဲတပ်ဖွဲ့ရဲ့ လက်ထိတ်ခတ် ဖမ်းဆီးခံရမှုကြောင့် သေဆုံးခဲ့တဲ့ လူငယ်နဲ့ ပတ်သက်ပြီး ဗြိတိန်ရဲ့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲက ကျန်ရစ်သူ မိသားစုဆီ တောင်းပန်ခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကျောင်းသားလေး ဟင်နရီ နိုဝက်ခ် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ဟာ ဗြိတိန်မှာ အကြီးအကျယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့သလို ရဲတပ်ဖွဲ့ရဲ့ စီမံကိုင်တွယ်ပုံအပေါ် လူထုရဲ့ ဝေဖန်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။

အမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာ (Bodycam) မှတ်တမ်းတွေ ထွက်လာချိန်မှာ နိုဝက်ခ်ရဲ့ သေဆုံးမှုဟာ တစ်နိုင်ငံလုံးရဲ့ အာရုံစိုက်ခြင်းကို ခံလာရပါတယ်။

BBC သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ဟမ့်ရှိုင်းယား ရဲတပ်ဖွဲ့ အကြီးအကဲ အလက်ဆစ်ဘွန်းက နိုဝက်ခ်ရဲ့ မိသားစုဆီ ရဲတပ်ဖွဲ့ကိုယ်စား အနူးအညွတ် တောင်းပန်ခဲ့တယ်လို့ ထုတ်ပြောသွားပါတယ်။ သူလည်း တခြားသူတွေနည်းတူ Bodycam ဗီဒီယို မှတ်တမ်းတွေကို ကြည့်မိတဲ့ အချိန်မှာ အရမ်း တုန်လှုပ်ခဲ့မိကြောင်း ဘွန်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလူသတ်မှုဟာ မနှစ်က ဒီဇင်ဘာ ၅ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တာပါ။ ဆောက်သမ်တန် တက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်တဲ့ နိုဝက်ခ်ဟာ သူငယ်ချင်းတွေနဲ့အတူ ညဖက် ထွက်လည်ပြီး ပေါ့တ်စ်ဝုဒ် ရပ်ကွက်မှာရှိတဲ့ အဆောင်ဆီကို ပြန်လာခဲ့ပါတယ်။ အဲဒီနောက် သူ့ကို အသက် ၂၃ နှစ်အရွယ် ဗစ်ရမ် ဒစ်ဂ်ဝါဆိုတဲ့ အိန္ဒိယနွယ်ဖွား ဆစ်ခ်အမျိုးသား တစ်ဦးက ချဉ်းကပ်လာပြီး အသွား ၈ လက်မရှိတဲ့ ဓားနဲ့ ၄ ချက် ထိုးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် ကျောင်းသား လူငယ်ဟာ ရင်ဘတ်နဲ့ ခြေထောက်တွေမှာ ပြင်းထန် ဒဏ်ရာတွေ ရခဲ့ပါတယ်။

နောက်တော့ ဒစ်ဂ်ဝါရဲ့ မိသားစုဝင်တွေက ရဲတွေဆီ ဖုန်းဆက် အကြောင်းကြားခဲ့ပြီး ဟမ့်ရှိုင်းယားနဲ့ အိုင်းအော့ဖ်ရိုက် ရဲစခန်းတွေက ရဲအရာရှိတွေ ရောက်လာခဲ့ကြပါတယ်။ ရဲတွေနဲ့ တွေ့တဲ့အခါ ဒစ်ဂ်ဝါက သူ့ကို နိုဝက်ခ်က ကိုယ်ထိလက်ရောက် ရန်ပြုသလို လူမျိုးရေးခွဲခြား စော်ကားခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ခုခံခဲ့တာပါလို့ လိမ်လည် ထွက်ဆိုခဲ့ပါတယ်။ နိုဝက်ခ်က တိုက်ခိုက်လို့ သူဟာ မျက်လုံးနားမှာ အညိုအမည်းစွဲတဲ့ ဒဏ်ရာ ရသွားတယ်လို့လည်း ဒစ်ဂ်ဝါက ပြောပါတယ်။

အဲဒီနောက် ရဲတွေဟာ လဲကျနေတဲ့ လူငယ်ကို အကူအညီ ပေးရမယ့်အစား နောက်ပြန် လက်ထိတ်ခတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။ နိုဝက်ခ်က သူဟာ ဓားနဲ့အထိုးခံထားရတယ်လို့ ပြောပေမယ့် ရဲတွေက မယုံခဲ့ပါဘူး။ ဒါ့အပြင် သူ့ကို ဖမ်းလိုက်ပြီဖြစ်ကြောင်း ရဲတွေက ပြောခဲ့ပြီး ဖမ်းဆီးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကိုပါ ရွတ်ပြနေခဲ့ပါတယ်။ အဲဒီမြင်ကွင်းတွေ အားလုံးက Bodycamတွေမှာ ရိုက်ကူးမိထားခဲ့ပါတယ်။ နိုဝက်ခ်က သူဟာ ဓားထိုးခံထားရပါတယ်လို့ ၄ ခါပြောပြီး အသက်ရှူလို့ မရတော့ဘူးလို့ ၉ ခါ ပြောခဲ့ပေမယ့် ရဲတွေက အရေးတယူ တုံ့ပြန်တာ မရှိခဲ့ပါဘူး။

သိပ်မကြာခင်မှာပဲ နိုဝက်ခ်ဟာ သတိလစ် မေ့မျောသွားခဲ့ပါတယ်။ နာရီအနည်းငယ် အကြာမှာတော့ ဒဏ်ရာပြင်းလွန်တာကြောင့် သူကွယ်လွန်သွားခဲ့ပါတယ်။ အမှုမှန် ပေါ်ပေါက်လာတဲ့နောက် ဒစ်ဂ်ဝါကို လူသတ်မှုနဲ့ တရားစွဲဆိုပြီး ဇွန်လ ၁ ရက်နေ့မှာ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ အဲဒီစီရင်ချက်အရ ဒစ်ဂ်ဝါဟာ အနာဂတ်မှာ ပြစ်ဒဏ်လျှော့ပေါ့ရေး အသနားခံလို့ ရနိုင်ပေမယ့် အနည်းဆုံး ၂၁ နှစ် ထောင်ထဲမှာပဲ နေရမှာ ဖြစ်ပါတယ်။

လူသတ်လက်နက်ကို ကူညီ ဖျောက်ဖျက်ပေးခဲ့တဲ့ ဒစ်ဂ်ဝါရဲ့ မိခင် ကီရန်ကော်ရာကတော့ ကြံရာပါအဖြစ် တရားစွဲဆို ခံရပြီး ဇူလိုင် ၁၇ ရက်နေ့မှာ စီရင်ချက်ချဖို့ ရုံးချိန်း သတ်မှတ်ထားပါတယ်။

ဒီဖြစ်စဉ်မှာ လူဖြူမဟုတ်တဲ့ ဒစ်ဂ်ဝါဆီက လူမျိုးရေးခွဲခြားမှု ခံခဲ့ရပါတယ်ဆိုတဲ့ လိမ်ညာထွက်ဆိုမှုကို ရဲတွေက အလွန်အကျွံ အလေးထားခဲ့ပြီး တကယ်တမ်း နစ်နာသူကို ကူညီရမယ့်အစား ပိုပြီး ဒုက္ခရောက်စေခဲ့တယ်လို့ လူထု စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။ Bodycam ဗီဒီယိုထဲမှာ နိုဝက်ခ်က ဓားထိုးခံထားရတာကို မယုံကြောင်း ပြောတဲ့ ရဲအရာရှိဟာ တခြားကိစ္စ တစ်ခုကြောင့် ရဲတပ်ဖွဲ့ကနေ နုတ်ထွက်သွားပြီဖြစ်ပြီး ကျန်တဲ့ ၃ ဦးကိုတော့ ကွင်းဆင်းတာဝန်တွေကနေ ရပ်စဲထားလိုက်ကြောင်း ဘွန်းက ဆိုပါတယ်။

နိုဝက်ခ်ရဲ့ ဖခင်ဖြစ်သူ မတ်ခ် နိုဝက်ခ်က သားဖြစ်သူနဲ့ လူသတ်သမားအပေါ် ရဲတွေရဲ့ မတူညီတဲ့ ဆက်ဆံပုံကို တွေ့မြင်ခဲ့ရတဲ့အခါ သည်းမခံနိုင်လောက်အောင် နာကျင်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး လူ့အဖွဲ့အစည်းထဲမှာ သွေးခွဲတာ၊ အမုန်းတရား ဖြန့်ဝေတာ၊ လူမျိုးရေး တင်းမာအောင် လှုံ့ဆော်တာတွေ မလုပ်ကြဖို့လည်း သူက မေတ္တာရပ်ခံခဲ့ပါတယ်။

ဗြိတိန်က ပြည်သူတွေရော၊ နိုင်ငံရေး အဖွဲ့အစည်းတွေ ကြားမှာပါ နိုဝက်ခ်သေဆုံးမှုအပေါ် အကြီးအကျယ် အာရုံစိုက်နေပြီး ရဲတွေက မှုခင်းတွေကို ကိုင်တွယ်တဲ့အခါ စံနှုန်းနှစ်မျိုးနဲ့ ဆက်ဆံနေတယ်လို့ စွပ်စွဲတာတွေလည်း ရှိလာပါတယ်။ ဘွန်းကတော့ အဲဒီ စကားကို ငြင်းပယ်ခဲ့ပြီး ဗြိတိန် ရဲတပ်ဖွဲ့ဝင်တွေဟာ ကွဲပြားတဲ့ လူ့အဖွဲ့အစည်း အားလုံးအတွက် သူတို့ရဲ့ တာဝန်ကို နေ့မအား ညမအား ကျေကျေပြွန်ပြွန် ထမ်းဆောင်ပေးနေကြောင်း ပြောကြားသွားပါတယ်။

ဟမ့်ရှိုင်းယား ရဲတပ်ဖွဲ့နဲ့မှုခင်းရေးရာ ကော်မရှင်နာ ဒွန်နာဂျုံးစ်ကလည်း သူဟာ နိုဝက်ခ်မိသားစုနဲ့ စကားပြောဖြစ်ခဲ့ပြီး မိသားစုဝင်တွေကလည်း သွေးဆူနေတာမျိုးတွေ မဖြစ်စေချင်ဘဲ အားလုံးကို စိတ်အေးအေးနဲ့ တွေးတော စီမံဖို့ တိုက်တွန်းထားကြောင်း ဆိုပါတယ်။ ဗြိတိန် အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲများ ကောင်စီ (NPCC)ကလည်း အခုဖြစ်စဉ်အပြီး လူမျိုးရေး ခွဲခြားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန် ကိုင်တွယ်ရမယ့် ဗြိတိန်ရဲတပ်ဖွဲ့ရဲ့ စံနှုန်းစည်းမျဉ်းတွေကို ပြန်လည် သုံးသပ်သွားမယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ