အရေးယူ ပိတ်ဆို့ထားတဲ့ ရေနံတင် သင်္ဘောတစ်စီးကို အိန္ဒိယ သမုဒ္ဒရာထဲမှာ အမေရိကန် တပ်တွေက တက်ရောက် စီးနင်းပြီး စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် စစ်ဦးစီးဌာနဟာ ဇွန်လ ၅ ရက်နေ့ စစ်ဆင်ရေးကို တိုက်ရိုက် ကွပ်ကဲခဲ့တာ ဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးတော့ အီရန်နဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ အဲဒီသင်္ဘောကို ရဟတ်ယာဉ်တွေ အသုံးပြုပြီး စီးနင်းနေတဲ့ ဓာတ်ပုံနဲ့ ဗီဒီယို မှတ်တမ်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ပိတ်ဆို့အရေးယူထားတဲ့ ရေယာဉ်တွေကို တက်ရောက်စစ်ဆေးပိုင်ခွင့် သတ်မှတ်ချက်နဲ့အညီ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ နိုင်ငံမဲ့ ရေနံတင် သင်္ဘော MT Davinaပေါ်ကို စီးနင်းပြီး စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ အင်ဒို-ပစိဖိတ် စစ်ဦးစီး ဌာနက ကြေညာပါတယ်။
နိုင်ငံတကာ ရေကြောင်းသွားလာမှုတွေမှာ တရားမဝင် လှုပ်ရှားပြီး အီရန်ကို အထောက်အပံ့ ဖြစ်စေမယ့် ရေယာဉ်တွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို ဆက်လက် လုပ်ဆောင်နေမယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement
ပိတ်ဆို့အရေးယူမှု ခံထားရသူတွေက နိုင်ငံတကာ ရေပိုင်နက်ကို ဘေးကင်းလုံခြုံတဲ့ ဒိုင်းတစ်ခုအဖြစ် အသုံးချနေတာမျိုးကို အမေရိကန်က လုံးဝ လက်ခံမှာ မဟုတ်ကြောင်းနဲ့ အဲဒီလို ရေယာဉ်တွေရဲ့ လွတ်လပ်စွာ ခုတ်မောင်းခွင့်ကိုလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ငြင်းပယ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။
အမေရိကန်တပ်တွေ စီးနင်းခံရတဲ့ အချိန် အဲဒီသင်္ဘောပေါ်မှာ မတ်လ ကတည်းက အီရန်ကနေ တင်ဆောင်လာတဲ့ ရေနံစိမ်း စည်ပေါင်း ၁.၉ သန်းလောက် ရှိနေတယ်လို့ ယူဆရပါတယ်။ အဲဒီရေယာဉ်ဟာ သီရိလင်္ကာတောင်ပိုင်း၊ အိန္ဒိယ သမုဒ္ဒရာ ရေပြင်တစ်နေရာမှာ သီတင်း ၆ ပတ်လောက်ကြာအောင် ပုန်းအောင်းနေခဲ့တယ်လို့ ဆိုပါတယ်။
စီးနင်းစစ်ဆေးမှုအပြီး MT Davinaနဲ့ ရေယာဉ် အဖွဲ့သားတွေကို အမေရိကန် စစ်တပ်က ဘယ်လို အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့သလဲ၊ ဒါမှမဟုတ် ပြန်လွှတ်ပေးလိုက်သလား ဆိုတာကို လောလောဆယ် ကွဲကွဲပြားပြား မသိရသေးပါဘူး။
ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း အမေရိကန်ဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ ရေနံတင် သင်္ဘောတချို့ကို ကြားဖြတ်ဟန့်တားတာမျိုးတွေ ပိုမို လုပ်ဆောင်လာခဲ့ပါတယ်။
ရေနံစိမ်း စည်ပေါင်း ၂ သန်းလောက် တင်ဆောင်နိုင်အောင် တည်ဆောက်ထားတဲ့ Davinaဟာ Supertankerအဆင့် ရေနံတင် သင်္ဘောကြီး တစ်စီးဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ကတည်းက အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Reuters


















































