Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ Su-57တွေကို ကမ္ဘာ့အကောင်းဆုံး တိုက်လေယာဉ်တွေလို့ ပူတင်ပြော

ရုရှားရဲ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်ဖြစ်တဲ့ Su-57ကို ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်လေယာဉ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

ရုရှားရဲ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်ဖြစ်တဲ့ Su-57ကို ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်လေယာဉ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

သူက အဲဒီ တိုက်လေယာဉ်တွေကို အိန္ဒိယဆီ ရောင်းချပေးဖို့နဲ့ ပူးတွဲထုတ်လုပ်ဖို့ ကမ်းလှမ်းချိန်မှာ အခုလို ချီးကျူးပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်တဲ့ Su-57ဟာ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ သူထင်ကြောင်း၊ အဲဒီလေယာဉ်တွေကို စတင် တည်ဆောက်တဲ့ ကာလတွေမှာ ကတည်းက ရုရှားဟာ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် အိန္ဒိယက စောင့်ကြည့်ဖို့ ပိုပြီး ဆန္ဒရှိခဲ့ကြောင်း ပူတင်က ဆိုပါတယ်။

တကယ်ဆိုရင် စကတည်းက အဲဒီ တိုက်လေယာဉ်တွေ စီမံကိန်းဟာ အိန္ဒိယနဲ့ ရုရှားရဲ့ ပူးပေါင်းပရောဂျက်တစ်ခု ဖြစ်ခဲ့သင့်တာလို့လည်း သူက ပြောပါတယ်။ အခုလည်း မိတ်ဆွေ အိန္ဒိယနိုင်ငံဆီကို လေယာဉ်တွေ ဝယ်ယူဖို့၊ နည်းပညာပိုင်း ပူးပေါင်း အကောင်အထည် ဖော်ကြဖို့ ရုရှားက ကမ်းလှမ်းထားကြောင်း၊ ဒီကိစ္စမှာ ကန့်သတ်တာတွေ၊ နည်းပညာပိုင် ထိမ်ချန်တာတွေ ရုရှားဖက်က ဘာမှ လုပ်မှာ မဟုတ်ကြောင်း၊ ပြီးတော့ လေကြောင်းကာကွယ်ရေး စနစ်တချို့ ရောင်းချဖို့လည်း ကမ်းလှမ်းထားကြောင်း ပူတင်က ပြောကြားခဲ့ပါတယ်။

ရုရှားဟာ အစဉ်အလာအရ အိန္ဒိယရဲ့ အဓိက လက်နက် ထောက်ပံ့တဲ့ နိုင်ငံအဖြစ် ရပ်တည်နေပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ အိန္ဒိယ အစိုးရဟာ တိုက်လေယာဉ်တွေ ဝယ်ယူမှုမှာ အနောက်နိုင်ငံလုပ် အမျိုးအစားတွေကို ပိုပြီး မျက်စိကျလာနေပါတယ်။

Public Service Announcement

Public Service Announcement

Su-57တွေဟာ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ခံရပြီး လက်တွေ့ ထုတ်လုပ်နိုင်တဲ့ အဆင့်ထိ ရောက်နေတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ် ၅ မျိုးထဲမှာ ပါဝင်ပါတယ်။ ကျန်တာတွေမှာတော့ အမေရိကန်နဲ့ တရုတ်တို့က ၂ မျိုးစီ ထုတ်လုပ်ထားပါတယ်။

ဒါပေမဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေရဲ့ အဓိက ဝိသေသဖြစ်တဲ့ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) စွမ်းရည်က Su-57မှာ အကန့်အသတ်နဲ့သာ ပါဝင်တာကြောင့် ဒီလေယာဉ်တွေဟာ တကယ်ပဲ ပဉ္စမမျိုးဆက် စံနှုန်းထဲမှာ ဘောင်ဝင်တန်းဝင် ဖြစ်ရဲ့လားဆိုတဲ့ ဝေဖန် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

နောက်ပြီး Su-57တွေမှာ အင်ဂျင်ပြဿနာဆိုင်ရာ သတင်းဆိုးတချို့ ရှိခဲ့သလို ထုတ်လုပ်နိုင်စွမ်းမှာပါ သက်ရောက်မှုတွေ ရှိလာပါတယ်။ ၂၀၂၀ ခုနှစ်ကစလို့ လက်ရှိ အချိန်ထိ Su-57တွေ ထုတ်လုပ်မှုဟာ နမူနာအဆင့် ၁၀ စီးအပါအဝင် အစီး ၄၀ ကျော်ရုံလောက်သာ ရှိပါသေးတယ်။ အဲဒီထဲက အနည်းဆုံး ၂ စီးဟာ အင်ဂျင်မီးလောင်တာ၊ ပျက်ကျတာမျိုးတွေကြောင့် ဆုံးရှုံးခဲ့ရပြီးပါပြီ။ တစ်ဖက်မှာတော့ တိုက်ရိုက်ပြိုင်ဘက်လို့ ဆိုနိုင်တဲ့ အမေရိကန်ရဲ့ F-35တွေက အစီးရေ ၁၃၀၀ ကျော် ထုတ်လုပ်ထားပြီဖြစ်ပြီး နိုင်ငံတကာ စစ်ပွဲတွေမှာလည်း ပါဝင်တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။

Su-57ဟာ တစ်ယောက်စီး အမျိုးအစား ဖြစ်ပေမယ့် မကြာသေးခင်ကတော့ လေ့ကျင့်ရေးနဲ့ စစ်မြေပြင် ကွပ်ကဲရေးတွေအတွက် ရည်ရွယ်ထားတဲ့ နှစ်ယောက်စီး မူကွဲအသစ်ကို ပထမဆုံးအကြိမ် မိတ်ဆက် ပျံသန်းခဲ့ပါတယ်။

ရုရှား လေကြောင်းနည်းပညာ လုပ်ငန်းစုကြီး Sukhoiက ထုတ်လုပ်တဲ့ ဘက်စုံသုံး တိုက်လေယာဉ်တွေကို ရုရှား လေတပ်အတွက်သာ မကဘဲ ပြည်ပကို အလုံးအရင်း တင်ပို့နိုင်ဖို့ပါ ရည်ရွယ်ထားပေမယ့် လက်ရှိ အချိန်ထိ ပြည်ပ ဝယ်လက်ဆိုလို့ အယ်လ်ဂျီးရီးယားက ၂ စီး ဝယ်ယူထားတာပဲ ရှိပါသေးတယ်။ လေယာဉ်တွေရဲ့ ပျမ်းမျှတန်ဖိုးဟာ ဒေါ်လာ ၃၅ သန်းနဲ့ သန်း ၅၀ လောက်သာ ကျသင့်ပေမယ့် ပြည်ပကို တင်ပို့ပြီး လက်နက်စနစ်တွေပါ တပ်ဆင်ပြီးရင်တော့ ဒေါ်လာ သန်း ၁၀၀ နဲ့ ၁၅၀ ကြားလောက်ထိ မြင့်တက်သွားနိုင်ကြောင်းလည်း သိရပါတယ်။

ကိုးကား: Defence Blog

ဆက်စပ်သတင်းများ