လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းတွေထဲမှာ ဂျပန်ဟာ ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရတဲ့ ပထမဆုံး အာရှအသင်း ဖြစ်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံ၊ ဒဲလက်စ်မြို့မှာ ဇွန်လ ၂၅ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်မှာ ဂျပန်ဟာ ဆွီဒင်နဲ့ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဂျပန်အတွက် ဒိုင်ဇန်မေဒါက ဒုတိယပိုင်း အစမှာ ဦးဆောင်ဂိုးသွင်းပြီး ဆွီဒင် တိုက်စစ်မှူး အန်သိုနီ အီလန်ဂါက ပြန်လည် ချေပခဲ့တာကြောင့် ပွဲအပြီးမှာ တစ်မှတ်စီ ခွဲယူနိုင်ခဲ့ကြပါတယ်။
ဒီပွဲရလဒ်ကြောင့် ဂျပန်ဟာ အုပ်စု ၃ ပွဲကစားပြီး ၁ ပွဲနိုင်၊ ၂ ပွဲသရေ ရလဒ်နဲ့ အုပ်စုဒုတိယအဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ၄ မှတ်ရထားတဲ့ ဆွီဒင်ကလည်း အကောင်းဆုံး အုပ်စုတတိယ အသင်းတွေမှာ ပါဝင်ဖို့ သေချာနေပြီး ရှုံးထွက် ပြိုင်ပွဲတွေဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။
လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အာရှဇုန် အသင်း ၉ သင်းထဲမှာတော့ ဂျပန်ဟာ ရှုံးထွက်အဆင့်အတွက် အာမခံချက် ရသွားတဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။ အပြာရောင် ဆာမူရိုင်းတွေလို့ ချစ်စနိုး နာမည်ပေးခံထားရတဲ့ ဂျပန်အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ၃ ကြိမ်ဆက်တိုက် အုပ်စုအဆင့်ကနေ လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

Public Service Announcement
အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂျပန်ဟာ ၃ ပွဲကစားပြီး ၇ ဂိုး သွင်းထားပါတယ်။ ဒါဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ခုစာအတွက် ဂျပန်အသင်း ရရှိဖူးသမျှ အများဆုံး သွင်းဂိုး ပမာဏ အဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။ အရင်စံချိန်ဟောင်းကတော့ ၂၀၁၈ ခုနှစ်တုန်းက ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတုန်းက ၆ ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
အခုနှစ် ကမ္ဘာ့ဖလားမှာ ဂျပန်ဟာ အရည်အသွေး ပြည့်ဝတဲ့ အသင်းကောင်း တစ်ခုအဖြစ် အထင်အရှား ပြသနိုင်ခဲ့ပြီး အုပ်စုအဖွင့် ပွဲစဉ်မှာ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး အသင်းတစ်သင်းဖြစ်တဲ့ နယ်သာလန်ကို နှစ်ဂိုးစီ သရေကျအောင် ကစားပြခဲ့ပါတယ်။ နောက်တော့ တူနီးရှားကို လေးဂိုးပြတ် အနိုင်ယူပြီး နောက်ဆုံးပွဲမှာ ဆွီဒင်နဲ့ သရေကျခဲ့တာပါ။
ဂျပန်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးတွေမှာ ၇ ကြိမ် ပါဝင်ယှဉ်ပြိုင်ဖူးပြီး အဲဒီထဲက ၅ ကြိမ်က ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကိုးကား: Asahi Shimbun


















































