တရုတ် လေယာဉ်တင် သင်္ဘောကို ဂျပန် ပြည်စောင့်တပ် ရေတပ်က တမင် နှောင့်ယှက်ခဲ့ကြောင်း တရုတ်ရဲ့ စွပ်စွဲချက်ကို ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပယ်ချခဲ့ပါတယ်။
Liaoning လေယာဉ်တင် သင်္ဘော ဦးဆောင်တဲ့ တရုတ် ရေတပ်ဖွဲ့တစ်ခု ပစိဖိတ် သမုဒ္ဒရာထဲမှာ ရက်ပေါင်း ၄၀ လောက် ကမ်းဝေး စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ချိန်အတွင်း ဂျပန်ရေတပ်ရဲ့ လေယာဉ်၊ ရေယာဉ်တွေက ရန်လိုတဲ့ အပြုအမူမျိုးနဲ့ ချဉ်းကပ် နှောင့်ယှက်ခဲ့ကြောင်း တရုတ်က အခုသီတင်းပတ် အစောပိုင်းမှာ စွပ်စွဲခဲ့ပါတယ်။
ဂျပန် ရေတပ် ကင်းလှည့် လေယာဉ်တွေနဲ့ ဖျက်သင်္ဘောတွေရဲ့ အနှောင့်အယှက်ပေးတဲ့ လုပ်ရပ်တွေကို တရုတ်ရေတပ်ဖွဲ့က ပရော်ဖက်ရှင်နယ် အပီသဆုံး ပုံစံမျိုးနဲ့ တုံ့ပြန်ကိုင်တွယ် ဖြေရှင်းခဲ့တယ်လို့လည်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဇွန်လ ၂၄ ရက်နေ့ ညပိုင်းမှာတော့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ်ရဲ့ အဲဒီ စွပ်စွဲချက်ဟာ လုံးဝ မမှန်ကန်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ပြည်စောင့်တပ်ဟာ ဂျပန်ပိုင်နက် တဝိုက်မှာ ရှိနေတဲ့ ရေပြင်၊ ဝေဟင် လှုပ်ရှားမှု အားလုံးကို ပရောဖက်ရှင်နယ် ပီသတဲ့ စံနှုန်းတွေနဲ့ အပတ်တကုတ် ဆက်လက် စောင့်ကြည့်နေမယ်လို့ ဂျပန်ဖက်က ပြောပါတယ်။

Public Service Announcement
ဂျပန်ရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ လုံခြုံရေးအတွက် အာမခံချက် ဖြစ်စေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတိုင်းကို ပြည်စောင့်တပ်က ဆက်လက် ဆောင်ရွက်နေမှာ ဖြစ်တယ်လို့လည်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
တရုတ်ရဲ့ ထုတ်ပြန်ချက်မှာတော့ Liaoningနဲ့ အခြံအရံ တရုတ်ရေတပ် သင်္ဘောတွေကို ပစိဖိတ် သမုဒ္ဒရာထဲမှာ ဂျပန် ဖျက်သင်္ဘောတွေ၊ ကင်းထောက် လေယာဉ်တွေ အန္တရာယ် ရှိလောက်အောင် နီးနီးကပ်ကပ် ချဉ်းကပ် စောင့်ကြည့်ခဲ့ကြောင်း၊ ဒါကြောင့် လေယာဉ်တင် သင်္ဘောပေါ်က တိုက်လေယာဉ်တွေကလည်း ပျံတက်ပြီး ကာကွယ်ရေးအတွက် သင့်တော်သလို အသင့် ပြင်ဆင်ထားခဲ့ရကြောင်း ပါရှိခဲ့ပါတယ်။
ဂျပန်မှာ ဝန်ကြီးချုပ် စနအဲ တကအိချိ အာဏာရလာချိန် ကတည်းက တရုတ်နဲ့ ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ နိုဝင်ဘာလမှာ တကအိချိက တကယ်လို့ တရုတ်ကသာ ထိုင်ဝမ်ကျွန်းကို တိုက်ခိုက်မယ်ဆိုရင် ထိုင်ဝမ်ကို ကူဖို့ ဂျပန်က တပ်တွေ စေလွှတ်မယ်လို့ ပြောကြားခဲ့ရာက ပြဿနာတွေ စတင်ခဲ့တာပါ။ တရုတ်ဟာ ဒါဟာ ဂျပန်ရဲ့ ရန်လိုမှုကို ပြသတဲ့ သဘောထားမျိုး ဖြစ်တယ်လို့ ဝေဖန်ပြီး ဂျပန်အစိုးရဟာ စစ်ဝါဒကို တကျော့ပြန် အသက်သွင်းဖို့ ကြံစည်နေကြောင်း စွပ်စွဲထားပါတယ်။
ကိုးကား: Japan Times


















































