ရုရှားနဲ့ နီးစပ်တဲ့ ယူကရိန်း သူဌေးကြီး တစ်ဦးကို ပစ်မှတ်ထားခဲ့တဲ့ မိုနာကိုက ဗုံးခွဲမှု ကျူးလွန်သူ အဓိက သံသယ တရားခံဟာ ယူကရိန်း အမျိုးသမီး တစ်ဦးလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း၊ မြေထဲပင်လယ် ကမ်းရိုးတန်းမှာ တည်ရှိပြီး ကိုယ်ပိုင်နိုင်ငံငယ်လေး တစ်ခုအဖြစ် ရပ်တည်နေတဲ့ မိုနာကိုဟာ ကမ္ဘာအရပ်ရပ်က ချမ်းသာကြွယ်ဝတဲ့ သူဌေးတွေ လာရောက် အခြေချ နေထိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
အခုသီတင်းပတ် အစောပိုင်းမှာတော့ မိုနာကိုက နေအိမ်တစ်လုံးမှာ ပါဆယ်ဗုံး ပေါက်ကွဲမှုကြောင့် ယူကရိန်းသား စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီး ဗာဒင်မ် ယာမိုလိုင်ယက်ဗ်၊ အတူနေချစ်သူနဲ့ သူတို့ရဲ့ ကလေးတို့ ဒဏ်ရာရခဲ့ပါတယ်။ လူကြီးနှစ်ဦးရဲ့ ဒဏ်ရာ အခြေအနေတွေက ပြင်းထန်ပြီး မိသားစုဝင် ၃ ဦးစလုံးကို ပြင်သစ်နိုင်ငံဖက်က နိစ်မြို့မှာ ဆေးရုံတင်ထားရပါတယ်။
နေအိမ်မှာ ပါဆယ်ဗုံး သွားထားခဲ့တဲ့ သံသယ ရှိသူကတော့ ပြင်သစ်နိုင်ငံ ပိုင်နက်ထဲ ထွက်ပြေးဝင်ရောက်ပြီး လွတ်မြောက်သွားခဲ့ပါတယ်။ ဇူလိုင် ၃ ရက်မှာတော့ ပြင်သစ်နဲ့ မိုနာကို အာဏာပိုင်တွေက ဖြစ်စဉ်ရဲ့ အဓိက သံသယ ရှိသူကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Public Service Announcement
နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)ဆီကိုပါ ကူညီဖမ်းဆီးပေးဖို့ အကြောင်းကြားထားတဲ့ သံသယရှိသူဟာ အနာစတေးရှား ဘီရီဇော့ဗ်စကာဆိုတဲ့ ယူကရိန်း အမျိုးသမီး တစ်ဦးဖြစ်ပြီး သူ့ရဲ့ လက်မောင်းမှာတော့ မြွေရုပ်လို့ ယူဆရတဲ့ ဆေးမင်ကြောင် ထိုးထားကြောင်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။
ဘီရီဇော့ဗ်စကာဟာ ပြင်သစ်ကို ထွက်ပြေးသွားတဲ့နောက် ဂျာမနီမှာ မှတ်ပုံတင်ထားတဲ့ ကားတစ်စီးနဲ့ အီတလီကို ဆက်လက် ထွက်ခွာသွားကြောင်း စုံစမ်း သိရှိထားပါတယ်။ သူ့ကို ဂျာမနီနိုင်ငံရဲ့ ဖရန့်ဖတ်မြို့မှာ နောက်ဆုံး တွေ့ရှိထားတယ်ဆိုတဲ့ သတင်း အချက်အလက်တွေကိုလည်း ရရှိထားပါတယ်။ သူဟာ ပစ်မှတ် နေအိမ်ရဲ့ အနီးတဝိုက်ကို အမျိုးသားဟန်ဆောင်ပြီး ကြိုတင် လေ့လာတာမျိုးတွေ လုပ်ခဲ့တယ်လို့လည်း ရဲတွေက ပြောပါတယ်။
ဇွန်လ ၂၉ ရက်နေ့ ပေါက်ကွဲမှုမှာ အသုံးပြုသွားတဲ့ ဗုံးဟာ အရမ်း စနစ်တကျ တည်ဆောက်ထားတာကြောင့် ကျူးလွန်သူဟာ တစ်ဦးတည်း မကဘဲ ကြံရာပါတွေ ရှိနိုင်တယ်လို့လည်း အာဏာပိုင်တွေက ယုံကြည်နေပါတယ်။
ယာမိုလိုင်ယက်ဗ်နဲ့ မိသားစုကို လုပ်ကြံဖို့ ကြိုးစားမှုရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကိုတော့ တိတိကျကျ မသိရသေးပါဘူး။ လာမိုလိုင်ယက်ဗ်ဟာ ရုရှားအစိုးရနဲ့ ပတ်သက် ဆက်နွှယ်မှုတွေကြောင့် ယူကရိန်းရဲ့ နာမည်ပျက် စာရင်းသွင်း ပိတ်ဆို့ အရေးယူမှုတွေကို ခံထားရပါတယ်။
မိုနာကိုမှာ အခုလို တိုက်ခိုက်မှုမျိုးဟာ အင်မတန် ရှားပါးပြီး မကြုံစဖူးလို့ ဆိုနိုင်ပါတယ်။ စုစုပေါင်း ၂.၀၈ စတုရန်း ကီလိုမီတာသာ ကျယ်ဝန်းတဲ့ မြို့ပြနိုင်ငံလေးမှာ ရဲဝန်ထမ်း ၅၅၆ ဦးရှိပြီး လုံခြုံရေး ကင်မရာ ၁၃၈၇ လုံး တပ်ဆင်ထားပါတယ်။ လုံခြုံရေး အရမ်းအားကောင်းပြီး လူသတ်မှုဆိုတာ မရှိသလောက် နည်းသလို ပြီးခဲ့တဲ့ တစ်နှစ်လုံး လူသတ်ရန် ကြံစည်မှုဆိုတဲ့ မှုခင်းမျိုးတောင် မဖြစ်ခဲ့ပါဘူး။ ဒါကြောင့်လည်း အခု ဗုံးခွဲမှုဟာ သေချာ အချိန်ယူ လေ့လာ ပြင်ဆင်ထားတဲ့ ကြိုတင်ကြံစည်မှုလို့ အစိုးရ ရှေ့နေတွေက ယုံကြည်နေပြီး မိုနာကို တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။
လောလောဆယ်တော့ စုံထောက်တွေဟာ ဂျာမနီ ရဲတပ်ဖွဲ့ကိုပါ ချိတ်ဆက်ထားပြီး ဥရောပ နိုင်ငံတချို့မှာ ဘီရီဇော့ဗ်စကာကို ဖြန့်ကျက် ရှာဖွေနေဆဲလို့လည်း သိရပါတယ်။
ကိုးကား: CNN


















































