ချမ်းသာကြွယ်ဝတဲ့ နိုင်ငံငယ်လေး မိုနာကိုမှာ ပါဆယ်ဗုံးနဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် ယူကရိန်း စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးနဲ့ မိသားစုဝင်တွေ ဒဏ်ရာရခဲ့ပါတယ်။
ပြင်သစ်နိုင်ငံနဲ့ အရှေ့တောင်ပိုင်း ကမ်းခြေမှာ တည်ရှိပြီး ကိုယ်ပိုင် အချုပ်အခြာ အာဏာနဲ့ ရပ်တည်နေသလို ကမ္ဘာတလွှားက ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေ အခြေချ နေထိုင်ကြတဲ့ မိုနာကိုမှာ အခုလို တိုက်ခိုက်မှုမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။
ဇွန်လ ၂၉ ရက်နေ့ ညပိုင်းတုန်းက တိုက်ခိုက်မှုဟာ မြေထဲပင်လယ် ကမ်းခြေက မြို့ပြနိုင်ငံငယ်လေးမှာ နေထိုင်ကြတဲ့ ရေပေါ်ဆီ အထက်တန်းလွှာ သူဌေးသူကြွယ်တွေကို တုန်လှုပ်သွားစေခဲ့ပါတယ်။ မိုနာကို အစိုးရခေါင်းဆောင် မင်းသား ဒုတိယ အဲလ်ဘတ်က အခုဖြစ်စဉ်ဟာ မုန်းတီးမှု အခြေခံ တိုက်ခိုက်မှု တစ်ခုလို့ စွပ်စွဲပြောကြားခဲ့ပြီး လုံခြုံရေး အစီအမံတွေ မြှင့်တင်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။
ပြင်သစ်နဲ့ ယူကရိန်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ တိုက်ခိုက်မှုမှာ ပစ်မှတ်ထား ခံရသူက ယူကရိန်း ထိပ်တန်း သူကြွယ်ကြီး တစ်ဦးဖြစ်တဲ့ ဗာဒင်းမ် ယာမိုလိုင်ယက်ဗ် ဖြစ်ပါတယ်။ ယာမိုလိုင်ယက်ဗ်နဲ့ အတူနေချစ်သူ အမျိုးသမီးအပြင် သူတို့ရဲ့ ဆယ်ကျော်သက်အရွယ် ကလေးပါ ဒဏ်ရာတွေ ရခဲ့ပါတယ်။ ယာမိုလိုင်ယက်ဗ်နဲ့ အမျိုးသမီးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ထိ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။

Public Service Announcement
မိုနာကို အစိုးရ ရှေ့နေတွေက မသမာသူတွေဟာ သတ္တုအစအနတွေ၊ ဘောစေ့တွေ၊ ဝက်အူတွေ ထည့်ထားတဲ့ ကျောပိုးအိတ် တစ်လုံးကို ပါဆယ်ဗုံးအဖြစ် အသုံးပြုပြီး ပစ်မှတ်ရဲ့ အိမ်ရှေ့မှာ ထားရှိခဲ့တာလို့ ပြောပါတယ်။ ဒဏ်ရာရသူ သုံးဦးကိုတော့ ပြင်သစ်နိုင်ငံ၊ နိစ်မြို့က ဆေးရုံတစ်ခုဆီ တင်ပို့ထားပါတယ်။
ပါဆယ်ဗုံး ထောင်ခဲ့သူကတော့ အိမ်နီးချင်း ပြင်သစ်နိုင်ငံ ပိုင်နက်ထဲက မြို့ငယ်လေး ဗျုဆိုလီရယ်လ် မာမန်းဆီကို ခြေလျင်ထွက်ပြေးပြီး လွတ်မြောက်သွားကြောင်း လုံခြုံရေးကင်မရာ မှတ်တမ်းတွေမှာ စစ်ဆေး တွေ့ရှိထားပါတယ်။ ပြင်သစ် ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကို ပူးပေါင်းစုံစမ်းနေကြောင်း ပြောပေမယ့် အသေးစိတ်တော့ မှတ်ချက် မပေးခဲ့ပါဘူး။
ယာမိုလိုင်ယက်ဗ်ဟာ ရုရှားအစိုးရနဲ့ ဆက်နွှယ်ပတ်သက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ၂၀၂၃ ခုနှစ်ကတည်းက ယူကရိန်းရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရသူလို့လည်း သိရပါတယ်။
ကိုးကား: AP


















































