Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ရှင် မက္ကဆီကိုကို တစ်ယောက်လျော့နဲ့ အနိုင်ယူပြီး အင်္ဂလန် ကွာတားဖိုင်နယ်တက်

လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွာနေတဲ့ ပူးတွဲအိမ်ရှင် မက္ကဆီကို အသင်းကို ကျော်ဖြတ်ပြီး နာမည်ကြီး အင်္ဂလန်တို့ ကွာတားဖိုင်နယ် တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - FIFA

လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွာနေတဲ့ ပူးတွဲအိမ်ရှင် မက္ကဆီကို အသင်းကို ကျော်ဖြတ်ပြီး နာမည်ကြီး အင်္ဂလန်တို့ ကွာတားဖိုင်နယ် တက်ရောက်သွားပြီ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ဒုတိယပိုင်း တစ်ပိုင်းလုံးနီးပါး တစ်ယောက်လျော့ အနေအထားနဲ့ ကစားရင်း လိုချင်တဲ့ ရလဒ်ကို အမိအရ ယူဆောင်သွားနိုင်ခဲ့တာပါ။ အခုပွဲစဉ် မတိုင်ခင်ထိ မက္ကဆီကိုဟာ ပွဲတိုင်းနိုင်ပြီး ပေးဂိုးလည်း မရှိခဲ့ပေမယ့် အင်္ဂလန်က အမှားအနည်းဆုံးနဲ့ စုစုစည်းစည်း ကစားပြီး အနိုင်ယူသွားခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ အင်္ဂလန်က အဖွင့်ဂိုး ရသွားခဲ့ပါတယ်။ ညာခြမ်းကနေ ဘူကာယို ဆာကာ ဖြတ်တင်ပေးတဲ့ ဘောလုံးကို ကွင်းလယ် ကစားသမား ဂျုဒ်ဘယ်လင်ဂမ်က ဒိုင်ဗင်ထိုး ခေါင်းတိုက်ပြီး သွင်းယူခဲ့တာပါ။ ဒါဟာ အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မက္ကဆီကိုအသင်း ခွင့်ပြုရတဲ့ ပထမဆုံး ပေးဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ ၂ မိနစ်ပဲခြားပြီး ဘယ်လင်ဂမ်က နောက်တစ်ဂိုး ထပ်သွင်းပါတယ်။ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းနဲ့ တွဲလုံးကစားပြီး ကိန်းက ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို ဘယ်လင်ဂမ်က ပြေးဝင် ပိတ်သွင်းခဲ့တာပါ။ ပွဲချိန် ၄၂ မိနစ်မှာတော့ ပြစ်ဒဏ်ဘောကို အင်္ဂလန် ခံစစ်ရှင်းထုတ်ရာက ဧရိယာထဲ လျှံကျလာတဲ့ ဘောလုံးကို မက္ကဆီကို တောင်ပံတိုက်စစ်မှူး ဂျူလီယန် ကွင်နိုညက်စ်က အပြင်းကန်သွင်းပြီး ချေပဂိုးတစ်ဂိုး ရယူသွားခဲ့ပါတယ်။ ပထမပိုင်း မပြီးခင်မှာတင် မက္ကဆီကိုက အခွင့်အရေးတွေ ထပ်ရခဲ့သလို အင်္ဂလန် ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်နဲ့ နောက်ခံလူတွေ ဖျတ်လတ်ခဲ့လို့သာ ချေပဂိုး ထပ်မပေးခဲ့ရတာပါ။

ဒုတိယပိုင်း ပြန်စပြီး ၈ မိနစ်လောက် အကြာမှာတော့ အင်္ဂလန် ညာနောက်ခံလူ ဂျာရဲလ်ကူယန်ဆာ အနီကတ် ထိခဲ့ပါတယ်။ ပြိုင်ဘက် ကစားသမားကို လျှောထိုး ဖျက်ထုတ်ရာမှာ အဝင်ကြမ်းခဲ့တာကြောင့် တိုက်ရိုက်အနီ ထိသွားခဲ့တာ ဖြစ်ပါတယ်။ တစ်ယောက်လျော့သွားတဲ့ အင်္ဂလန်ကို မက္ကဆီကိုက အမြင့်ဘောတွေ အားပြုပြီး ပိုမို တိုက်စစ်ဆင်ဖို့ ကြိုးစားလာခဲ့သလို အဲဒီ နည်းစနစ်ကို တန်ပြန်ဖို့အတွက် အင်္ဂလန် မန်နေဂျာ သောမတ်စ် တူဟဲလ်က အရပ်အမောင်း မြင့်မားတဲ့ နောက်ခံလူ ဒန်ဘန်းကို လူစားလဲ ဝင်ကစားစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပွဲချိန် မိနစ် ၆၀ မှာတော့ အင်္ဂလန် တောင်ပံတိုက်စစ်သမား အန်တိုနီ ဂေါ်ဒွန် ဘောလုံးဆွဲလာတာကို မက္ကဆီကို ဂိုးသမား ရာအူးလ် ရန်ဂျဲလ်က တားဆီးပုံကြမ်းလို့ အင်္ဂလန် ပင်နယ်တီ ရခဲ့ပါတယ်။ အဲဒီပင်နယ်တီကို ကိန်းက ကန်သွင်းပြီး အင်္ဂလန်တို့ တတိယဂိုး ရခဲ့ပါတယ်။ ဒီသွင်းဂိုး​ကြောင့် ကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၆ ဂိုးအထိရှိလာပြီး ​ရွှေဖိနပ်ဆုအတွက် မက်ဆီ ၊ဘာ​ပေ ၊ ဟာလန်း တို့ကို ၁ ဂိုး အကွာက​နေ ဆက်လက်ဖိအား​​ပေးနိုင်ခဲ့ပါတယ် ။

နောက်ထပ် ၁၀ မိနစ် အကြာမှာတော့ အင်္ဂလန်တို့ ပင်နယ်တီ ပြန်ပေးခဲ့ရပါတယ်။ ဂိုးဧရိယာထဲမှာ ဘောလုံးရှင်းထုတ်ဖို့ ကြိုးစားရင်း ကိန်းက မက္ကဆီကို ကစားသမား ဘရိုင်ယန် ဂူတီရက်ဇ်ရဲ့ ခြေထောက်ကို အောက်ကနေ မတော်တဆ ပင့်ကန်မိသလို ဖြစ်ခဲ့တာကြောင့်ပါ။ အဲဒီပင်နယ်တီကိုတော့ မက္ကဆီကိုရဲ့ ဝါရင့် တိုက်စစ်မှူးကြီး ရာအူးလ် ဟီမီနက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ မက္ကဆီကို အသင်းဟာ အမြင့်ဘောတွေကို အားပြုပြီး ပိုမိုခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပေမယ့် အင်္ဂလန် ခံစစ်ကြောင်းနဲ့ ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်တို့ကို မကျော်နိုင်ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။

အင်္ဂလန်ဟာ ကွာတားဖိုင်နယ် အဆင့်မှာတော့ ဘရာဇီးကို ပူပူနွေးနွေး အနိုင်ယူလာတဲ့ နော်ဝေးအသင်းနဲ့ ရင်ဆိုင် ကစားသွားမှာ ဖြစ်ပါတယ်။

ကိုးကား: FIFA

ဆက်စပ်သတင်းများ