ဏငယ်
ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အဝေးတနေရာကနေ ငိုသံ ရှိုက်သံ ခပ်သဲ့သဲ့ ကြားနေရသည်။ အသံတွေ ကြားနေပေမယ့် သူမ ခေါင်းထဲမှာတော့ ဟာလာဟင်းလင်း ဖြစ်နေသည်။ သူမ မျက်နာကျက်ကို မော့ကြည့်လိုက်သည်။ ဒီညမှ ကောင်းကင်မှာ ကြယ်တွေ စုံလင်နေသည်။ ကြယ်တွေ စုံလင်နေတာကို သူမ အခုမှ မြင်ဖူးသည်တော့မဟုတ်ပါ။ ဒါပေမယ့် သူမ မမြင်ရတာ ကြာခဲ့ပြီ။
ကောင်းကင်ကြီးကို သူမ မုန်းခဲ့သည်။ ကောင်းကင်ကြီးကထွက်တဲ့ နေလုံးကြီးကို မုန်းသည်။ ကောင်းကင်ကြီးကနေ ကျဆင်းလာတဲ့ ရေစက်တွေကို မုန်းသည်။ ကောင်းကင်ကြီးမှာ တောက်ပနေတဲ့ ကြယ်တွေကို မုန်းသည်။ သူမအိမ်ရဲ့အလင်းထက် တောက်ပနေတဲ့ လကို မုန်းသည်။ သူမ မုန်းတာတွေ အရမ်းများသည်။ တကျွတ်ကျွတ်မြည်နေတဲ့ အိမ်မြှောင်စုတ်ထိုးသံကို မုန်းသည်။ ကြမ်းကြားထဲက ထွက်လာတဲ့ ဂျပိုးတွေကို မုန်းသည်။ တဝီဝီနဲ့ အော်မြည်နေတဲ့ ခြင်ကျားတွေကို မုန်းသည်။ ခဏခဏ ခလုတ်တိုက်မိတဲ့ တံခါးဝင်ပေါက်ကို ခုထားတဲ့ အုတ်နီခဲကို မုန်းသည်။ လမ်းလျှောက်လိုက်တိုင်း အိအိကျသွားတဲ့ ကြမ်းခင်းတွေကို မုန်းသည်။ မိုးရွာလိုက်တိုင်း ငုတ်တုတ်ထိုင်ခဲ့ရတဲ့ ညတွေကို မုန်းသည်။ တရပ်ကွက်လုံး ညည်းတို့အိမ်ချည်းပဲလို့ ခနဲ့တဲ့တဲ့ ပြောတက်တဲ့ ပွဲစားမိန်းမကြီးကိုလည်း မုန်းသည်။
အိပ်မက်ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီနေ့ စာစစ်မယ်လို့ ဆရာမရဲ့ ပြောစကားကြောင့် ကျောင်းပိတ်ရက် နှစ်ရက်အတွင်း သူမ စိတ်လှုပ်ရှားခဲ့ရသည်။ သူမ အိပ်မက် က ဆရာဝန်လား … အင်ဂျင်နီယာလား … မဟုတ်ပါ … သူမ အိပ်မက်က အိမ်လှလှလေးတလုံး ပိုင်ဆိုင်ဖို့ပဲဖြစ်သည်။ အမေ့အတွက် သူ အိမ်လှလှလေး ဝယ်ပေးချင်သည်။ သူမအတွက် ကိုယ်ပိုင်အိပ်ခန်းလေး လိုချင်သည်။ သူမအခန်းကို အပြာရောင်လေးသုတ်မည်။
…
ဒီနေ့ဟာ သူမ အပျော်ဆုံးနေ့ဖြစ်သည်။ သူမ မျှော်လင့်စောင့်စားနေခဲ့တဲ့ နေ့ရက်လည်းဖြစ်သည်။ သူမဘဝတလျှောက်လုံး ဒီအတွက် ကြိုးစားလာခဲ့တာလေ … ဒီမျှော်လင့်ချက်နဲ့ သူ အသက်ရှင်သန်နေခဲ့သည် မဟုတ်ပါလား …

Public Service Announcement
တအိမ်လုံးမှာ သူမတယောက်ထဲ အရှေ့ပြေးလိုက် အနောက်ကို ပြေးလိုက်နဲ့ အလုပ်ရှုပ်နေသည်။ ပတ်ဝန်းကျင်ကလည်း သူမကို အံ့ဩတကြီး ကြည့်နေသည်။ သူမ အပြုံးအရယ်မရှိခဲ့တာ ကြာပြီလေ … လာတဲ့ဧည့်သည်တွေကို သူမ အာပေါင်အာရင်းသန်သန်နဲ့ ဘယ်လို ကြိုးစားခဲ့ရကြောင်း ပြောပြနေမိသည်။ သူမ လိုချင်တဲ့ ပုံစံလေးကို အားတက်သရော ကြွားနေမိသည်။ ဘုန်းကြီးက အန္တရာယ်ကင်းပရိတ် ပက်ဖျန်းပြီးတဲ့အချိန် ကျမရင်ထဲ တစိမ့်စိမ့် ပျော်မြူးနေခဲ့သည်။ ဘုန်းကြီး၏ ဒကာမကြီး အဆင်ပြေပါစေကွယ် ဆိုတဲ့စကားဟာ ကျမရဲ့ အတိတ်အရိပ်ဆီ … အမေ့ကို သတိရသည်။ အမေ့အတွက် ရည်စူးခဲ့ပေမယ့် အမေ့အတွက် မဖြစ်တော့ … အသက် ၆၀ ပြည့်ခါမှ သူမရဲ့ အိပ်မက မျှော်လင့်ချက် ပြည့်ဝခဲ့ပြီလေ …
ဖွားကနဲ ဖွားကနဲ ထွက်လာတဲ့ မြေကြီးတွေကို သူမ ကြည့်မိသည်။ နေ့တိုင်းသွားကြည့်သည်။ တချိန်လုံး ကြည့်မိသည်။ အုတ်နီခဲ တလုံးချင်းဆီကို သူမ ကြည့်သည်။ တဆင့်ပြီးတဆင့် မြင့်တက်လာတဲ့ နံရံတွေကို သူမ ကြည့်သည်။ ဖြူလွနေတဲ့ ဆေးအရောင်ကို သူမ ကြည့်သည်။ လှေကားထစ်လေးတွေကို လက်နဲ့ စမ်းကြည့်သည်။ သူမအိပ်ခန်းလေး ဖြစ်လာမည့် နေရာလေးကို ခြေစုံရပ်ကြည့်သည်။ ရပ်ကွက်ကတော့ မှတ်ချက်ပြုသည်။ သေရင်တောင် ကျွတ်မည်မဟုတ်ဘူးတဲ့ …
သူမ အိမ်လေး ရုပ်လုံးပေါ်လာခဲ့သည်။ မကြာခင် သူမ နေရတော့မည်။ တသက်လုံး သူများအိမ်မှာ နေထိုင်ခဲ့သည့် သူမ အသက်ကြီးလာပြီဖြစ်လို့ ညဆို အိပ်မပျော်တက်တော့ပေ။ တူမအိမ်နှင့် သုံးခြံကျော်လောက်ပဲ ဝေးသည့် သူမအိမ်လေးကို ညဘက် အိပ်မပျော်လည်း သွားကြည့်မိသည်။
တကယ်တော့ သူမ အိမ်လေးသည် မကြီးကျယ်လှပါ။ ၁၀ ပေ ၁၅ ပေ ပတ်လည်သာ ကျယ်ဝန်းသည်။ ဘာပဲဖြစ်ဖြစ် သူမဘဝမှာ မိသားစု လေးယောက် ပထမဆုံးနေထိုင်ခဲ့သည့် အခန်းထက်တော့ ကျယ်ဝန်းပါသည်။ သူမတယောက်ထဲ နေထိုင်မှာပဲလေ။ သူမ ရှာဖွေစုဆောင်းခဲ့သည့် ငွေကြေးလေးဖြင့် အသက် ၄၀ အရွယ်မှာ ရွာပြန်နေထိုင်ခဲ့သည်။ သူမ ဈေးရောင်းခဲ့သည်။ မောင်ဖြစ်သူမှ တခါတရံ ငွေကြေး ထောက်ပံ့ခဲ့သည်များကို စုဆောင်းပြီး
အသက် ၅၀ အရွယ်မှာ သူမ ၁၀ ပေ ပေ ၂၀ ခြံလေးတခြံ ပိုင်ဆိုင်ခဲ့သည်။ သူမအသက် ၆၀ မှာ ကိုယ်ပိုင် တည်ဆောက်နိုင်ခဲ့ပြီလေ။
…..
နိုင်ငံရေးအခြေအနေကြောင့်သာ မဟုတ်ရင် သူမ ဒီထက်စောစော ပိုနေနိုင်မည်ဖြစ် သည်။ လွန်ခဲ့တဲ့ ကာလများဆီမှာလည်း ဒီလိုအခြေအနေတရပ်ကို သူမ ကြုံခဲ့ဖူးသည်။ အခုတော့ သူမ အသက်ကြီးပြီ။ ဒီလိုအခြေအနေမျိုးမှာ သူမ မပါဝင်ချင်တော့ပါ။ ပါဝင်ရန်လည်း သူမ မစွမ်းသာတော့ပါ။ တကယ်တော့ သူမ ဘဝတလျှောက်လုံး ရုန်းကန်ခဲ့ရသည်မလား။ သူမအတွက် အရေးကြီးလား မကြီးလားလည်း သူမ မသိပါ။ အဲ့ဒီအတွက်လည်း သူမ ဉာဏ်မမီပါ။ သူမအတွက် မိသားစုက အရေးကြီးခဲ့သည် မဟုတ်လား။
လကုန် အိမ်လခပေးနိုင်ဖို့သာ အရေးကြီးသည်လေ။ တိုင်းပြည်မကောင်းဘူးဆိုတိုင်း အိမ်ရှင်များက အခွင့်အရေးပေးမည် မဟုတ်ပါ။ စာနာသနားမှုဟာ လူတန်းစားခွဲခြားထားမှန်း သူမ ကောင်းကောင်း နားလည်ပါသည်။ သူမ အိမ်လေးတလုံး ပိုင်ဆိုင်ခဲ့သည်မှာ နှစ်လနီးပါးရှိနေပြီ။ တဖြေးဖြေး မြေကြီးကနေ အုတ်တိုင် … အုတ်တိုင်ကနေ ခေါင်အထိ မြင့်တက်လာတဲ့ သူမအိမ်ကိုကြည့်ပြီး သူမ ပျော်နေခဲ့သည်။ ဒီအိမ်ကြီး ပြီးရင်တော့ သူမ အိမ်တက်လုပ်မည်။ ပြီးရင် သူမ မွေ့ယာအိအိလေး တခုဝယ်မည်။ သူမ ငယ်စဉ်က လိုက်လည်ဖူးသည့် သူငယ်ချင်းတယောက်ရဲ့အိမ်က မွေ့ယာခင်းကို မြင်ဖူးခဲ့သည်။ သူမ လက်နဲ့ တို့ထိကြည့်ဖူးသည်။ အိစက်နေသည်သူမ မိသားစု အိပ်စက်နေသည့်နေရာနဲ့ ကွာခြားလိုက်တာ … အဲဒီကတည်းက သူမ အိပ်မက်တွေထဲ မွေ့ယာအိအိလေး ပါလာလေသည်။
လူတွေက နေ့စဉ်နဲ့အမျှ ရုန်းကန်နေရတာ၊ အိပ်စက်ချိန်မှာတော့ အကောင်းဆုံး အိပ်စက်မယ်ဆိုတဲ့အပြောကို သူမ ကြားဖူးခဲ့သည်။ သူမ နေ့စဉ်နဲ့အမျှ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့သည်။ သူမ အိမ်ရောက်တဲ့အချိန်သည် အနွေးထွေးဆုံးအချိန် ဖြစ်ခဲ့သည်။ ဒါပေမယ့် သူမအနေနဲ့ ကြောင်တောင်တောင် မျက်လုံးတွေနဲ့ နိုးထခဲ့ရတဲ့ ညတွေက အရမ်းများခဲ့သည် မဟုတ်လား။
သူမ အပူပင်ကင်းစွာနဲ့ ကောင်းမွန်စွာ အိပ်စက်ချင်ခဲ့သည်။ အိစက်ညက်ညောစွာ အိပ်စက်ချင်ခဲ့သည်။ သူမဆန္ဒတွေ ပြည့်ဝခဲ့သည်။ မိုးလင်းတိုင်း ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့ နေအလင်းရောင်ကို ကြည့်သည်။ ဆူညံစွာ တစ်တီတူးနေတဲ့ ငှက်သံလေးတွေကို နားထောင်သည်။ သူမ အိပ်မက်တွေ ပြည့်ဝ ခဲ့ပြီလို့ ယူဆမိချိန် သူမထံသို့ မမျှော်လင့်သော အဖြစ်ဆိုး ရောက်ရှိလာခဲ့သည်။
တနိုင်ငံလုံးနီးပါး စစ်မီးတောက်နေခဲ့သည်။ သူမ ကြားဖူးနေကျ မြို့တွေ မီးရှို့ခံနေရသည်။ သူမဆွေမျိုးများ ရှိရာနေရာတွင် ဖျက်ဆီးခံရကြောင်း လူကြုံကနေတဆင့် သိရသည်။ သူမ ဒေါသထွက်သည်။ သူမမြို့ကိုရောက်လာရင် ဆိုတဲ့အတွေး တွေးမိသည်။ သူမအိမ်ကလေးရော သူမ မထားရက်နိုင်ခဲ့ပါ။ ဘာမှ ဖြစ်မှာ မဟုတ်ဘူးလို့လည်း သူမ ယုံကြည်သည်။
….
ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အဝေးတနေရာကနေ ငိုသံ ရှိုက်သံ ခပ်သဲ့သဲ့ ကြားနေရသည်။ အသံတွေ ကြားနေပေမယ့် သူမ ခေါင်းထဲမှာတော့ ဟာလာဟင်းလင်း ဖြစ်နေသည်။ သူမ မျက်နာကျက် မော့ကြည့်လိုက်သည်။ ဒီညမှ ကောင်းကင်မှာ ကြယ်တွေ စုံလင်နေသည်။ မီးခိုးငွေ့ငွေ့လေးတွေ နေရာအနှံ့ ထွက်နေသည်။ သူမရဲ့ အိစက်နေတဲ့ မွေ့ယာအစား ပြာတွေ ဖုန်တွေ ဖုံးလွှမ်းနေတဲ့ စပရိန်တွေ ထိုးထိုးထောင်ထောင် … အိမ်ခန်းပြတင်းပေါက်မှာ ချိတ်ထားတဲ့ ငှက်အိမ်လေးက မွေ့ယာဘေးနားမှာ … သွားကိုင်ကြည့်လိုက်တော့ အပူငွေ့ငွေ့လေး ရှိနေသည်။
သူမ လိုက်ကာပန်းရောင်လေးက အမဲရောင်အစကြီး တစ … ဖြူလွလွနံရံမှာ မီးဟပ်ထားတဲ့ အမဲရောင် … သူမ ဆရာမကို သူမ အိပ်မက် ပြောပြဖူးသည်။သူမ အိပ်ခန်းလေးတခန်း ပိုင်ဆိုင်ချင်သည်။ သူမအိပ်ခန်းကို အပြာရောင်သုတ်မည်လို့ သူမ ပြောခဲ့သည်။ သို့သော် အပြာရောင်အစား အမည်းရောင် နံရံပြင်ကြီး … အမည်းရောင်ပြောင်းနေသည့် လိုက်ကာနှင့် တဝက်လောက် မီးမစွဲဘဲ ကျန်နေတဲ့ အိပ်ရာခင်းအစ .
သူမ ရေဒီယိုသံသဲ့သဲ့ကို ကြားရသည်။ သူမ အသံကို အာရုံစူးစိုက်လိုက်သည်။ ရေဒီယိုကနေ မြို့တွေကိုပြောသွားတာ ကြားရသည်။ သူမနေထိုင်ရာမြို့ ပါ မပါ သူမသိ။ ဘယ်နှယောက် မီးရှို့ခံလိုက်ရတယ်ဆိုတာ ကြားရသည်။ သူမ မျက်လုံးတွေ ဝေဝါးလာသည်။ သူမ လည်ချောင်းတွေ ခြောက်ကပ်လာသည်။ သူမ အခန်းလေးကို မြင်ယောင်လာသည်။ သူမ အိမ်လေးကို မြင်ယောင်လာသည်။
သူမ ဘုရားမှာ ဆုတောင်းသည်။ အရှင်ဘုရား တပည့်တော်မသည် တသက်လုံး ဆင်းရဲဒုက္ခများစွာဖြင့် နေထိုင်ခဲ့ပါသည်၊ အရင်ဘဝက အခြားသူနေထိုင်ရာ အိမ်ခြံမြေ၊ အသိုက်အမြုံတို့ကို ဖျက်ဆီးခဲ့မိသည်ရှိသော် ဒီဘဝ ကြေပါစေ။
ခွေးခြေခုန်လေးကတော့ မီးတငွေ့ငွေ့ ဆက်လောင်ကျွမ်းလျက် … ။ ။
(The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ဏငယ်’
ရေးသားခဲ့တဲ့ “မက်အိမ်”ဝတ္ထုတိုကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
