SWN
ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်
ဘာကျန်ခဲ့ပါသလဲ။
မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့

Public Service Announcement
ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့
ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။
ကျနော် မြန်မာပါခင်မျာ . . .
နေစရာနေရာလည်း မရှိ၊
စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက်
ကျွေးကြပါ၊
ကျနော် ထိုင်းစကားမတတ်လို့ သနားကြပါခမျာ
ထမင်းလေးရေလေး ပေးသနားကြပါခမျာ
မှတ်ပုံတင်နာမည် – မောင်သန်းရွှေ၊
နဖူးအမာရွတ်ရှိ၊
ရခိုင်-ဗုဒ္ဓဘာသာဝင်တဦးရဲ့ အမှတ်အသားတွေပါ။
အိမ်ကိုသာ မီးရှို့လို့ရမယ်။
ကျမတို့ စိတ်ကို မီးရှို့လို့မရဘူး။
လက်သုံးချောင်းတော့ထောင်နိုင်သေးတယ်ဆိုတဲ့
အညာသူကြီးရဲ့ စကားသံတွေ
*ကြိုးစားနေတယ်* ဆိုတဲ့ အသိနဲ့တင်
ကိုယ့်ကိုယ်ကို ကျေနပ်ပစ်လိုက်ရတာပါပဲ။
‘သမုဒယသစ္စာမှာ
ပြီးပြည့်စုံတယ်လို့မှ မရှိတာ’ လို့ ရေးသွားတဲ့
ကျနော့်အသိ ကိုဇင်ယော်
(ဒုတပ်ရင်းမှူး – ရွှေဘိုခရိုင်တပ်ရင်း ၉) ရဲ့
စကားသံတွေ၊
သူ့နာရေးမှာသုံးဖို့ ကျနော်ရိုက်ထားတဲ့
သူ့ဓာတ်ပုံတွေ ပြန်ရှာပို့ပေးရတဲ့ အခိုက်အတန့်တွေ၊
ဒါတွေဟာ ဒီကာလမှာ
ကိုယ့်ကို တိုက်ရိုက်တိုက်ခိုက်လာတဲ့
ခံစားချက်တွေပါပဲ။
ကျနော်တို့ ဆက်သွားရပါလိမ့်မယ်။
ကျနော်တို့ ဆက်သွားဖို့ လိုပါလိမ့်မယ်။
စစ်မိစ္ဆာတွေ ပပျောက်ဖို့၊
ကိုယ့်ခြေထောက်ပေါ် ကိုယ် မားမားရပ်တည်နိုင်ဖို့၊
မတရားတဲ့ကမ္ဘာကြီးကို ငါတို့ဟာ ဒီလို ရုန်းကန်ခဲ့ပြီး
ဒီလိုအနိုင်ရခဲ့ကြတယ်ကွလို့ ပြောနိုင်ဖို့
ဆက်သွားရပါလိမ့်မယ်။
ကျနော်တို့ မနိုင်ရင်
ဒီတခါ တကယ်ပွဲပြီးသွားပါလိမ့်မယ်။
(The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘SWN’ ရဲ့ “ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်မှာ” ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
