ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်ပြီး အစိုးရ အဖွဲ့ထဲမှာ ဩဇာကြီးမားတဲ့ ကင်မ်ယိုဂျောင်က ဂျပန်ဟာ စစ်လက်နက် နိုင်ငံတစ်ခုအဖြစ် ပြန်လည် ရပ်တည်ဖို့ ပြင်ဆင် ပြောင်းလဲနေကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။
ဂျပန်အစိုးရဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ စစ်ဆန့်ကျင်ရေး နိုင်ငံအဖြစ် ရပ်တည်ခဲ့မှုကနေ တစ်စထက်တစ်စ ဆုတ်ခွာရင်း စစ်အင်အားနဲ့ စစ်ရေးနည်းပညာတွေကို ချဲ့ထွင်နေပါတယ်။
ဩဂုတ် ၄ ရက်နေ့မှာတော့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ပြိုင်ဘက် တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဆီက ခြိမ်းခြောက်နိုင်စွမ်းတွေ ပိုမိုမြင့်တက်လာတဲ့ အခြေအနေမှာ ဂျပန်ကလည်း စစ်အင်အားကို ချဲ့ထွင် တည်ဆောက်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
ဩဂုတ် ၅ ရက်မှာတော့ ယိုဂျောင်က မြောက်ကိုရီးယား အစိုးရဟာလည်း ဂျပန်ဖက်က အပြောင်းအလဲပေါ် မူတည်ပြီး စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ကျိန်းသေပေါက် ဖန်တီးသွားမယ်လို့ အစိုးရ မီဒီယာကနေတဆင့် ကြေညာခဲ့ပါတယ်။
ဂျပန်ဆိုတာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပြီး အခုတော့ စစ်လက်နက် နိုင်ငံအဖြစ် ပြောင်းလဲနေကြောင်းလည်း KCNA သတင်းဌာနကနေတဆင့် ထုတ်ပြန်တဲ့ သူ့ရဲ့ ကြေညာချက်မှာ ယိုဂျောင်က ထည့်သွင်း ပြောကြားထားပါတယ်။
မကြာသေးခင်က Tomahawk တာဝေးပစ် ခရုစ်ဒုံးကျည်တွေကို လက်တွေ့ စမ်းသပ်ပစ်ခတ်ခဲ့တာ၊ မေလတုန်းက အမေရိကန်၊ ဖိလစ်ပိုင်တို့နဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့တာတွေကို ကြည့်ရင် ဂျပန်ဟာ ပစိဖိတ် သမုဒ္ဒရာထဲမှာ အန္တရာယ်ကြီးတဲ့ စစ်ရေး လှုပ်ရှားမှု အရွေ့မျိုးဆီ ဦးတည်နေတာ မြင်သာစေကြောင်း သူက ဆိုပါတယ်။
အခုအချိန်မှာ ဂျပန်ဟာ လက်ဦးမှုယူ တိုက်ခိုက်နိုင်မှု စွမ်းဆောင်ရည်ကို ဦးစားပေး တည်ဆောက်နေဟန် ရှိကြောင်း၊ ဂျပန်ရဲ့ စစ်ရေး ပြုပြင်ပြောင်းလဲမှုတွေ ဆိုတာဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုလို့ ယူဆထားတာကြောင့် ဒီကိစ္စတွေမှာ မြောက်ကိုရီးယားကလည်း ထိုင်ကြည့်နေရုံသက်သက် ရှိနေဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ကြောင်း ယိုဂျောင်က မှတ်ချက်ပေးသွားပါတယ်။
ဂျပန်ဟာ ကိုရီးယားကျွန်းဆွယ် တစ်ခုလုံးကို သိမ်းပိုက်ထားခဲ့ရာကနေ ၁၉၄၅ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကို ရှုံးနိမ့်ချိန်မှာ လက်လွှတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကိုရီးယားနိုင်ငံဟာ တောင်နဲ့မြောက် နှစ်နိုင်ငံအဖြစ် ကွဲကွာသွားပါတယ်။ ဒုတိယ ကမ္ဘာစစ် မတိုင်ခင် ဂျပန်ရဲ့ ကိုလိုနီ အုပ်စိုးမှု ကာလတုန်းက ဆိုးရွားတဲ့ လုပ်ရပ်တွေဟာ မျက်မှောက်ခေတ်ထိ တောင်နဲ့မြောက် ကိုရီးယား အစိုးရတွေရဲ့ နိုင်ငံခြားရေး မူဝါဒတွေအပေါ် သက်ရောက်မှုတွေ ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။
ကိုးကား: AFP


















































