■ Anonymous
မိန်းမများများရဖို့ရယ်
ဟင်းကောင်းကောင်းနဲ့

Public Service Announcement
စားဖို့အတွက်ပဲ
ဘာသာရေးကို ကိုးကွယ်ကြတာလား ဖေဖေ
၂၁ ရာစု ၂၁ နှစ်မြောက်ရဲ့
နေ့တနေ့မှာ
ငါ့သားက ငါ့ကိုမေးတယ်
ဒါဟာ လူပြိန်းတွေအတွက်တော့
ဟုတ်သဟ
လူယုတ်တွေကတော့
ဘာသာရေးဟာ
ခေတ်ကိုပြောင်းအောင်
ခေါင်းကိုပစ်တာပါပဲကွာ ။
၂၁ နွေဦးမနက်ခင်းတခု
မှောင်သွားတဲ့အကြောင်းကို
၈၀ နှစ်တွေတုန်းကလိုမျိုး
သိလိုက်ရတယ်။
“ဘာဖြစ်တာလဲဖေဖေ”
ဖေဖေတို့ ၈၈ ကို ခဏ
ပြန်သွားရလိမ့်ဦးမယ်နဲ့တူတယ်
ဒါပေမယ့်
၈၈ က စောက်ချိုးတွေ
၂၁ မှာ လာမချိုးနဲ့ တဲ့ ။
လ္ဘက်ရည်ဆိုင်မှာ ဂိမ်းနှိပ်
ဖုန်းပွတ်နေတဲ့ ကောင်တွေ
တက်တူးဗရပွနဲ့ ကောင်တွေ
အခြောက်လိုလို ကောင်တွေ
ဖြူဖြူပိန်ပိန် စာကြမ်းပိုးမတွေ
တက်တူးမတွေ
ခြုံပြောရင်
စာကြီးပေကြီး လေးငါးအုပ်လောက် ဖတ်ဖူးတဲ့ ကောင်တွေ
အထင်မကြီးခဲ့တဲ့
လူငယ်တွေရဲ့ လက်သုံးချောင်းတွေဟာ
ကတ္တရာလမ်းတွေပေါ်
သည်းသည်းမဲမဲ ကြွေကျလာတယ်
ဒါဟာ အကျရည်ပြင်းပြင်းနဲ့
milktea မဟာမိတ်တို့ရဲ့
အချက်ပေးတံပိုးသံ ။
ဒမှာ အသက်ကြီးတဲ့ကောင်တွေ
ကိုယ့်ဖါသာ ပညာတတ်လို့ ထင်တဲ့ကောင်တွေ
လူငယ်တွေကို မခန့်မှန်းနဲ့
ရူးသွားမယ် ။
လာသား သွားစို့
လူလှိုင်းလုံးကြီးတွေထဲမှာ
အတူလိုက်စို့
ဓမ္မနဲ့ အဓမ္မကြားမှာ
ငါ သူ တပါး ယောက်ျား မိန်းမ မရှိဘူး
နောက်တခါ ဒါမျိုး
ဘယ်တော့မှ မကြုံတော့ဘူးဟ
“ဘာဖြစ်လို့လဲဖေဖေ”
ဒီတခါရှုံးရင် နောက်ဘယ်တော့မှ
မနိုင်တော့ဘူး
ဒီတခါနိုင်ပြီးရင်လည်း
နောက်ထပ်ဘယ်တော့မှ
မလိုတော့ဘူးလေ ။
လှလိုက်တာ
လှလိုက်တာဆိုတာလေ
တော်လှန်ရေး မှန်သမျှဟာ
အနုပညာဖြစ်ပြီးတော့
အနုပညာ မှန်သမျှဟာ
တော်လှန်ရေး ဖြစ်လာခဲ့တာဟာ
လှလိုက်တာ ။
သူတို့က
သေနတ်တွေကိုင်ထားပေမယ့်
သံပုံးတီးတာကိုကြောက်တယ်
အသံတိတ်တာကိုလည်း
ကြောက်တယ်
ဗေဒင်ဆရာကိုကြောက်တယ်
အသိဉာဏ်ကြီးသူကိုကြောက်တယ်
မိုက်ရူးရဲကိုကြောက်တယ်
ဘာသာရေးကိုင်းရှိုင်းသူကိုကြောက်တယ်
ဘာသာမဲ့ကိုကြောက်တယ်
X ,Y ,Z အကုန်ကြောက်တယ်။
သူတို့တွေ
ညီညီ့ကိုပစ်တယ်
မြသွဲ့သွဲ့ခိုင်ကိုပစ်တယ်
ကြယ်စင့်ကိုပစ်တယ်
လှိုင်သာယာက လူမိုက်ဆိုတဲ့
အောက်ခြေအလွှာကိုပစ်တယ်
ပဲခူးကို တမြို့လုံးကို
နာရေးအိမ်ဖြစ်အောင်ပစ်တယ်
ကျဆုံးသွားသူတွေဟာ
အာဇာနည်အဖြစ်ကနေ
ကိန်းဂဏန်းတွေဖြစ်သွားတဲ့အထိ
ပစ်တယ် ။
ပင်လယ်ဟာ
ရေတိမ်နစ်တော့မလိုပဲ
စစ်ကြောရေးနဲ့ ရင်ခွဲရုံမှာ
ငါ့ညီတွေ ငါ့သားသမီးတွေ
ငါ့မိတ်ဆွေတွေ ။
လူငယ်တွေရဲ့ ဒိုင်းကာကို
ပီပါခွံတွေလို့ထင်ခဲ့တယ်
မဟုတ်ဘူးဟ
အဲ့ဒါသူတို့နှလုံးသားတွေ
ကြည့်လိုက်လေ
သွေးချင်းချင်းနီ …လို့ ။
သူတို့ရဲ့ smoke ဗုံးတွေကို
လက်နဲ့ကောက်ပစ်လို့မနိုင်တဲ့အခါ
စက်သေနတ်တွေကို
ဒိုင်းကာနဲ့ ခံလို့မရတော့တဲ့အခါ
ကျားထိုးပြီးတက်လာတဲ့
သေနတ်သမားတွေကို
တရုတ်မီးရှုးမီးပန်းနဲ့
ပစ်လို့မရတော့တဲ့အခါ
မိုလိုတော့ဟာ
ရန်သူဆီမရောက်ခင်
ကိုယ်ကျောပေါ်မှာပြန်လောင်တာဟာရီစရာမကောင်းတော့တဲ့အခါ
အမြစ်ဖြုတ်ဖို့ဆိုတာ
ပဲတီပင်လောက်မလွယ်မှန်းသေချာတဲ့အခါ
လူငယ်တွေဟာ ဓါးသွေးဖို့
ထွက်ခွါလာခဲ့တော့တယ်
တစ်ခုပြောသွားသေးတယ်
“မပြီးသေးဘူး
ငါတို့အလှည့်ကျန်သေးတယ်”
ခင်ဗျားတို့ မယုံခဲ့ကြဘူးမလား
လူငယ်တွေကို မခန့်မှန်းနဲ့
ရူးသွားမယ် ။
အမဲလိုက်တဲ့သေနတ်ဟာ
တိရိစ္ဆာန်တွေကို
သတ်လို့ရတယ်ဆိုတဲ့အသိက
လက်နက်ကိုင်တော်လှန်ရေးရဲ့အစဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်က
ဂိမ်းဆော့ခြင်းကို မကြိုက်လှဘူး
လူငယ်တွေက တော်လှန်ရေးကို
သူတို့ကျွမ်းကျင်တဲ့ ဂိမ်းလိုမျိုး
စဉ်းစားဖန်တီးလိုက်တယ်
ပြောပါတယ်
လူငယ်တွေကို မခန့်မှန်းနဲ့
ရူးသွားမယ် …လို့ ။
ချင်း အညာ ကချင်
ကယား ရခိုင် ကရင်
ဓါးထက်ချက်က တော့
ဒင်းတို့ ကားပင် မထွက်ရဲ။
ငါတို့ကို
ကမ္ဘာကြီးကဘာမှမပေးပေမယ့်
အာဏာရှင်ကို တော်လှန်တဲ့နည်း
ကမ္ဘာကြီးကိုသင်ပေးတယ်
ဒီမိုကရေစီ ပျက်သုဉ်းရင်
ပြည်သူတွေ ဘယ်လိုခံစားရတယ်
ဆိုတာကို
ကမ္ဘာကြီးကိုပြောပြတယ် ။
ဥစ္စာစွန့်
မိဘစွန့်
အိုးအိမ်စွန့်
အသက်စွန့်
ခန္ဒာစွန့်
ကျဆုံးခါနီးကောင်က
သူ့သေနတ်ကိုပေးပြီး
ရော့မင်းဆက်တိုက်လိုက်ဆိုပြီး
ပေါ့ပေါ့ပါးပါးထွက်သွားတယ်
ငုံးတိတိဖြစ်နေတဲ့
သူခြေထောက်ကို ငုံ့ကြည့်ပြီး
investment ပေါ့ ဗျာ
လို့ ခပ်ပြုံးပြုံး ပြောသေးတာ
ငါ့အတွက်တော့
စောက်ကျိုးနဲ ပဲ
ဘုရားအလောင်းတွေ
တပြုတ်ကြီး တွေ့ရသလိုမျိုး ။
လောကမှာ …
ဟာ….မဟုတ်သေးပါဘူး
……..
ငါတို့တိုင်းပြည်မှာ
လောက် ၂ မျိုးရှိတယ်
ချေးတောထဲက လောက်ရယ်
အသားထဲက ထွက်တဲ့လောက်ရယ်ပေါ့ ။
အညာ နဲ့ တပြည်လုံး
ဗုံးကျဲလို့ မြေပေါ်မှာ
သွေးချင်းချင်းနီနေတာကို
red carpet ခင်းပြီး
ဟီလာ ထ ပျော်ချင်တဲ့
လောက်မျိုးလည်းရှိသေးတော့
မြောက်ပြည်မြန်မာမှာ
လောက်ဋီကာ ဖွင့်လို့မဆုံးဘူး ။
အပမှီနေတဲ့
သာသနာတဝက် ရာဇာတဝက်
ဖျက်ဆီးခဲ့တဲ့ တိုင်းပြည်
ပဒေသရာဇ်အဆက်ဆက်
ဖက်ဆစ် အဆူဆူပွင့်တော်မူတဲ့
ကြတ်မြေ
ဒီဆူးတော့ လူငယ်တွေ
ပုဆိန်နဲ့ထွင်တော့မှာ ။
သူတို့ဆီမှာ
အညာက ရှို့ခဲတဲ့မီးတွေဆီက
ကူးလာတဲ့ မီးတုတ်တွေပါလာမယ်
မင်းတို့ရဲ့ အိမ်ခေါင်မိုးတွေအတွက်
သူတို့ဆီမှာ
ပဇီကြီးက သယ်လာတဲ့
ဗုံးတွေပါလာမယ်
မင်းတို့ရဲ့ နားစည်တွေအတွက်
သူတို့ဆီမှာ
ကိုဂျင်မီနဲ့ ဇေယျာသော်တို့ရဲ့
ကြိုးတွေပါလာမယ်
မင်းတို့ရဲ့ လည်ပင်းတွေကို
ချည်ဖို့အတွက်
တချိန်ချိန်မှာ
မင်းတို့ရဲ့ အိမ်ရှေ့တံခါးကို
လာခေါက်လိမ့်မယ်
အေး….
တချိန်ချိန်ဆိုတာ
သိပ်မကြာတော့ပါဘူး
………
လာတော့မှာပါ ။
(The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘ Anonymous’ ရဲ့ “နွေဦးယူလီဆီး” ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
