စစ်တပ်လုံခြုံရေးယူထားတဲ့ နေရာတွေမှာ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ဒီနေ့ မန္တလေးက လမ်း အများစုမှာပိတ်ဆို့စစ်ဆေးတာတွေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုပ်ဆောင်နေပါတယ်။
ဒီလိုပိတ်ဆို့စစ်ဆေးတာကို ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေမှာလုပ်ဆောင်နေတာပါ။
ဒီနေ့မနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်ရှိ သီရိသုခတံတားမှာ အသွားအလာပိတ်ပြီး စစ်ဆေးရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။
” မနက်ကတည်းက အဲတံတားဘက်ကိုဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တာ။ တခြားလမ်းတွေကနေ ပတ်သွားရတာ ။ အဲတံတားပေါ်ကော တံတားအောက်ကောရှာနေကြတာ”လို့ ကံသာယာရပ်ကွက်တွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
မနော်ဟရီလမ်း၊ ၅၅လမ်း၊ ၅၉လမ်း၊ ၅၆လမ်း၊ ၅၇လမ်း၊ ၁၁၈လမ်း၊ ၆၂လမ်း ၁၁၃လမ်း၊ စတဲ့လမ်းနေရာတွေမှာ သွားလာမှုပိတ်ထားသလို စစ်ဆေးတာတွေပြုလုပ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ကြီးတံခွန်မြို့နယ် ၅၈လမ်း စက်မှုဈေးအနီးမှာလည်း စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။
“စက်မှုဈေးပတ်ပတ်လည်မှာ ပိတ်ပြီးစစ်နေတာ။ တချို့ကိုလည်းဖမ်းထားတာတွေရှိတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ သေချာမသိဘူး၊ စစ်နေတယ်ဆိုတာနဲ့ ပြန်ကွေ့လာခဲ့တာ”ဟု ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက လမ်းပိတ်စစ်ဆေးတာတွေပြုလုပ်တဲ့နေရာတွေဟာ အခြေခံလက်လုပ်လက်စားတွေအလုပ်သွားလာချိန်ဖြစ်တဲ့အတွက် လူသွားလာမှုစည်ကားနေချိန်လည်းဖြစ်ပါတယ်။


















































