Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲပြည်သူ့ဆေးရုံအား စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု NUG ကျန်းမာရေးဝန်ကြီးဌာ နနှင့် TNLA ပြင်းထန်စွာ ရှုတ်ချ

အရပ်သားများအားကာကွယ်ရမည့် နိုင်ငံတကာ တားမြစ်ချက်ကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေသည့် လုပ်ရပ်အား နိုင်ငံတကာ လျစ်လျူရှုမထားရန်တောင်းဆို

ကျောက်မဲ​ဆေးရုံကို စစ်​ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ- TNLA

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် လုပ်ရပ်အား TNLAနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနတို့က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၂၅ရက်နေ့ နေ့လယ်အချိန်တွင် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ (၂)စီးဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ပြီး ကျောက်မဲမြို့ ပြည်သူ့ဆေးရုံပေါ်တည့်တည့်တွင် ဗုံး၄လုံး ကြဲချခဲ့သည်။

ထိုဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် ဆေးကုပေးနေသည့် CDMဆရာမ (၂)ဦး၊ လူနာ (၁)ဦးသေဆုံးပြီး ကျန်းမာရေးဝန်ထမ်းများ၊ CDMဝန်ထမ်းများ၊ လူနာများ အရပ်သားပြည်သူ (၂၀)ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ကျောက်မဲ ပြည်သူ့ဆေးရုံတစ်ခုလုံးလည်း ပျက်စီးသွားခဲ့ကြောင်း TNLAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိခိုက်သေဆုံးသွားသည့် CDM ဆရာမများ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ လူနာအရပ်သားပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း PSLF/TNLAက ထုတ်ပြန်ခဲ့ပြီး ယခုကဲ့သို့ စစ်ကောင်စီတပ်၏ အရပ်သားပြည်သူများ ဆေးကုသနေသည့် ကျောက်မဲပြည်သူ့ဆေးရုံပေါ် ဗုံးကြဲတိုက်ခိုက်သည့်လုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြသည်။

NUG ကျန်းမာရေးဝန်ကြီးဌာနကလည်းဆေးရုံများကို ဗုံးကြဲတိုက်ခိုက်ပြီး ကျန်းမာရေးကဏ္ဍကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ စစ်ကောင်စီသည် ကျောက်မဲ ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နည်းတူ ဇန်နဝါရီ ၂၂ရက်ကလည်း အားအံမြို့နယ်၊ ဟတလက် (ဟာတရယ်) ကျေးနယ်အုပ်စု၊ ဖလံတောင်ဆေးရုံကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု အသိပေးသည်။ အဆိုပါ ဖြစ်စဉ်တွင် ဆေးရုံထိခိုက်ပျက်စီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ အသက်ဘေးမှ ကင်းလွတ်ခဲ့ရသည်ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် လူ့ဘီလူးဝါဒ ကိုင်စွဲထားသည့် စစ်အာဏာရှင်ပီပီ (၄) နှစ်တာကာလအတွင်း ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကျဆုံးသွားသော CDM ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ အထူးကြေကွဲဝမ်းနည်းရကြောင်း ထပ်လောင်း အသိပေးပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ခိုင်မာစွာလက်တွဲရပ်တည်လျက်ရှိကြောင်းနှင့်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြသည်။

ဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီးစစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ထို့ပြင် လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းကရပ်ကြရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှနည်းလမ်းများအသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေကြောင်းလည်း ဖော်ပြသည်။

TNLA၏ ထုတ်ပြန်ချက်တွင်လည်း အရပ်သားပြည်သူများအား စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက်သေစေခြင်း၊ ဒဏ်ရာရရှိစေခြင်းနှင့် အများပြည်သူအဆောက်အအုံ ဆေးရုံများ ဗုံးကြဲတိုက်ခိုက်ခြင်းသည် နိုင်ငံတကာ တားမြစ်သည့် စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းနှင့် တိုက်ပွဲကာလတွင် အရပ်သားများအား ကာကွယ်ရမည့် နိုင်ငံတကာ တားမြစ်ချက်ကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် ပြည်သူများအနေဖြင့် စစ်းရေးသတိရှိရန် လိုအပ်ပြီး လေကြောင်းကာကွယ်ရေးလမ်းညွန်များ လိုက်နာရန်လိုအပ်ကြောင်း၊ PSLF/TNLAမှ မိဘပြည်သူများ၏ ဘေးကင်းလုံခြုံရေး၊ ဒေသတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် နည်းလမ်းရှာဖွေနေကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။