Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆေးရုံဆင်းလာပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး

အသက် အန္တရာယ် စိုးရိမ်ရလောက်တဲ့ထိ ခက်ခဲတဲ့ နေ့ရက်တွေကို ဖြတ်သန်းပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံကနေ ပြန်ဆင်းလာခဲ့ပြီ ဖြစ်ပါတယ်။

AP

အသက် အန္တရာယ် စိုးရိမ်ရလောက်တဲ့ထိ ခက်ခဲတဲ့ နေ့ရက်တွေကို ဖြတ်သန်းပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံကနေ ပြန်ဆင်းလာခဲ့ပြီ ဖြစ်ပါတယ်။

ရိုမန် ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် သာသနာပိုင်ချုပ်ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကတည်းက ဆေးရုံတက်နေခဲ့ရတာဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှာ ဆေးရုံ ဆင်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့က ပုပ်ရဟန်းမင်းကြီးဟာ အီတလီနိုင်ငံ၊ ရောမမြို့တော်ရဲ့ ဂီမယ်လီ ဆေးရုံ လေသာဆောင်မှာ ဘီးတပ် ကုလားထိုင်ပေါ် ထိုင်ရင်း ဆေးရုံရှေ့မှာ လာရောက်စုဝေးကြတဲ့ ဝတ်ပြုသူတွေနဲ့အတူ ဆုတောင်းပေးခဲ့ပါတယ်။ ဒါဟာ ဆေးရုံတက်ခဲ့တဲ့ ကာလနောက်ပိုင်း အာဂျင်တီးနား နိုင်ငံသား ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ရဲ့ ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ထွက်ပေါ်လာမှုလည်း ဖြစ်ပါတယ်။

အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ဆုတောင်းပေးမှု အစီအစဉ်အပြီး မိနစ်ပိုင်း အကြာမှာတော့ ဆေးရုံက ဆင်းသွားခဲ့တယ်လို့ ဂီမယ်လီ ဆေးရုံဖက်က အတည်ပြုခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံဆင်းပြီးရင်တောင် နှစ်လလောက်တော့ ဗာတီကန် နန်းတော်မှာ စိတ်ရောကိုယ်ပါ အနားယူဖို့ လိုသေးတယ်လို့ ဆေးရုံရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဆေးရုံမှာ သီတင်းငါးပတ် ဝန်းကျင် ကြာမြင့်ခဲ့တဲ့ အတောအတွင်း ပုပ်ရဟန်းမင်းကြီးဟာ အသက်အန္တရာယ် အလေးအနက် စိုးရိမ်ရလောက်တဲ့ အခြေအနေ နှစ်ခုကို ဖြတ်သန်းခဲ့ရတယ်လို့ ပုပ်ရဟန်းမင်းကို အနီးကပ် စောင့်ရှောက် ကုသပေးတဲ့ ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ ဆာဂျီယို အယ်လ်ဖီရီက ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အဆုပ် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ အရင်ကတည်းက ရှိခဲ့ပြီး အခု ဆေးရုံတက်ရတာကလည်း အဆုပ်မှာ နမိုးနီးယား စွဲကပ်မှုကြောင့် ဖြစ်ပါတယ်။ ဆေးရုံတက်တဲ့ တလျှောက်လုံးမှာတော့ ပုပ်ရဟန်းမင်းကြီးဟာ အသိမဲ့ မေ့မျောသွားတာမျိုး လုံးဝ မရှိခဲ့ဘဲ တစ်ချိန်လုံး နိုးနိုးကြာကြား ဖြတ်သန်းခဲ့တယ်လို့လည်း သိရပါတယ်။

ရောမ မြို့တော်ဝန် ရောဘတ်တို ဂူရယ်လ်တီရီကတော့ ပုပ်ရဟန်းမင်းကြီးကို ဆေးရုံကနေ ကျန်းကျန်းမာမာ ပြန်လာတာကို မြင်ခွင့်ရတာကို လှိုက်လှိုက်လှဲလှဲ ပီတိဖြစ်မိတယ်လို့ ပြောပါတယ်။ ဒါဟာ ကမ္ဘာကြီးအတွက် အကောင်းဆုံး လက်ဆောင်မွန် တစ်ခုဆိုရင်လည်း မမှားဘူးလို့ သူက ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးက ကက်သလစ် ဘာသာဝင်တွေကို ဆုတောင်းပေးတာ၊ ကျေးဇူးစကား ဆိုတာတွေမှာ မောပန်းနွမ်းလျနေတဲ့ အသံမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ရိုမန်ကက်သလစ် ခရစ်ယာန် ကျောင်းတော်ရဲ့ အကြီးအမှူးအဖြစ် တာဝန်ယူနေခဲ့တာ ၁၂ နှစ် ရှိခဲ့ပါပြီ။

ပုပ်ရဟန်းမင်းကြီးဟာ အသက် ၂၁ နှစ်အရွယ်၊ လူငယ်ဘဝမှာ အဆုတ်တစ်ဖက်ရဲ့ အစိတ်အပိုင်းတွေကို ခွဲစိတ်ဖြတ်တောက် ဖယ်ရှားခဲ့ရဖူးပြီး အဲဒီနောက်ပိုင်း အဆုတ်မှာ ရောဂါပိုး ဝင်ရောက်နိုင်ခြေ ခြိမ်းခြောက်မှုကို သာမန်လူတွေထက် ပိုပြီး ထိလွယ်ရှလွယ် ခံစားရလေ့ရှိတယ်လို့ သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ထားတဲ့ စစ်ပွဲတွေမှာ ဘုရားသခင်ရဲ့ နာမတော်ကို အသုံးချနေတာဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပါတယ်။ ဘုရားသခင်ဟာ ဘယ်လို စစ်ရေး ပဋိပက္ခကိုမှ ကောင်းချီးမပေးဘူးလို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို ဗဟိုပြုပြီး အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

ဒုက္ခဆိုးတွေ ကြုံနေရတဲ့ မြန်မာပြည်သူတွေကို မေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ဗာတီကန် နန်းတော်က အတည်ပြု ကြေညာခဲ့ပါတယ်။