ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့က ဂျူးဘုရားကျောင်း တစ်ခုနားမှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်မှုအဖြစ် ရဲတွေက သတ်မှတ် ကြေညာခဲ့ပါတယ်။ ဓားထိုးမှု၊ ကားနဲ့ဝင်တိုက်မှုတွေကို ကျူးလွန်ခဲ့တဲ့ သံသယ တရားခံ ဘယ်သူလဲ ဆိုတာကိုလည်း ရဲတွေက ကြေညာခဲ့ပါတယ်။
အောက်တိုဘာ ၂ ရက်နေ့က ဆီးရီးယားနွယ်ဖွား ဗြိတိန် နိုင်ငံသား ဂျီဟတ် အယ်လ်ရှာမီက ဟီတန်ပါ့ခ် ဂျူးဘုရားကျောင်းရှေ့မှာ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလို့ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့က ဆိုပါတယ်။ သူဟာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့သလို လူတွေကိုပါ ဓားနဲ့ လိုက်ထိုးခဲ့ပါတယ်။ အဲဒီ လုပ်ရပ်ကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
မိနစ်အနည်းငယ် အတွင်းမှာတင် အယ်လ်ရှာမီကို ရဲတွေက အသေပစ်ခတ် တားဆီးခဲ့ရပါတယ်။ အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဝန်ထမ်းတွေက ကားတိုက်ခံထားရသူ၊ ဓားထိုးခံရထားရသူ စုစုပေါင်း ၄ ဦးကို ကုသပေးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
ရဲတွေက ဖြစ်စဉ်မှာ ကြံရာပါတွေလို့ ယူဆရတဲ့ အသက် ၃၀ ကျော် အမျိုးသား ၂ ဦးနဲ့ အသက် ၆၀ ကျော် အမျိုးသမီး ၁ ဦးကိုလည်း ထိန်းသိမ်းထားကြောင်း ပြောပါတယ်။

Public Service Announcement
အစောပိုင်းက သံသယရှိသူဟာ ဗုံးတပ်ဆင်ထားတဲ့ အသေခံ ဗုံးသမား အင်္ကျီကို ဝတ်ထားခဲ့တယ်လို့ ယုံကြည်ရကြောင်း ရဲတွေက ကြေညာပေမယ့် နောက်တော့ အဲဒီ အင်္ကျီမှာ ဖောက်ခွဲရေး ပစ္စည်းတွေ ရှိမနေခဲ့ဘူးလို့ အတည်ပြုခဲ့ပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ အယ်လ်ရှာမီကလည်း သူ့ဆီမှာ ဗုံးပါတယ်လို့ အော်ဟစ် ပြောဆိုနေခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းက တိုက်ခိုက်မှု သတင်းကို ကြားသိတဲ့နောက် ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ဒိန်းမတ်နိုင်ငံမှာ ဥရောပ နိုင်ငံရေး အစုအဖွဲ့ ထိပ်သီးအစည်းအဝေး တက်ရောက်နေရာကနေ လှည့်ပြန်လာခဲ့ပါတယ်။ ဒိန်းမတ်က မထွက်ခွာခင် သတင်းထောက်တွေနဲ့ တွေ့တဲ့အခါ စတာမာက ဗြိတိန်အနှံ့မှာ ရှိနေတဲ့ ဂျူးဝတ်ပြု အဆောက်အအုံတွေမှာ ရဲအစောင့်အရှောက် ပိုမို ချထားပေးမယ်လို့ ပြောကြားသွားပါတယ်။
သူက ဗြိတိန် နိုင်ငံဟာ ဂျူးမုန်းတီးရေးဝါဒတွေ ပျံ့နှံ့ ကြီးထွားမလာအောင် တိုက်ခိုက် အနိုင်ယူရမှာဖြစ်ပြီး ပြည်တွင်းက ဂျူးလူ့အဖွဲ့အစည်းကို ကာကွယ်ဖို့ သူ့အနေနဲ့ အစွမ်းရှိသမျှ လုပ်ဆောင်သွားမယ်လို့ ကတိပြုသွားခဲ့ပါတယ်။
ကိုးကား: BBC





















































